ပရီးမီးယားလိဂ်ရဲ့ ကွင်းလယ်ဒိုင်ဟောင်း တဦး ဖြစ်သူ ခရစ်ဖွိုင်ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ လူပြောများခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ချေပဂိုး ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်ရဲ့ သွင်းဂိုးဟာ လူကျွံဘော မဟုတ်ပဲ မှန်ကန်တဲ့ သွင်းဂိုး တဂိုး ဖြစ်ကြောင်း ချက်ကျလက်ကျ ရှင်းပြသွားခဲ့ပါတယ်။

ယမန်နေ့ည အစောပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ မန်ချက်စတာ ယူနိုက်တက်က ဘရူနို ဖာနန်ဒက်ရဲ့ ချေပဂိုး ၊ ရက်ဖို့ဒ်ရဲ့ အနိုင်ဂိုးတို့နဲ့ မန်ချက်စတာ စီးတီးကို အနိုင်ရခဲ့ကာ ဘရူနို ဖာနန်ဒက်ရဲ့ ပွဲချိန် ၇၈မိနစ်မှာ သွင်းယူခဲ့တဲ့ ချေပဂိုးဟာ လူကျွံဘော ဖြစ် ၊ မဖြစ် ဆိုတဲ့ အပေါ် ဝေဖန် သုံးသပ်မှုတွေ အများအပြား ထွက်ပေါ်နေခဲ့ပါတယ်။

Photo Credit: Give Me Sports

ဖာနန်ဒက်က သူ့ရဲ့ အသင်းဖော် ကတ်စ်မဲရိုးရဲ့ မျောထိုး ပေးပို့မှုကို ဂိုးဧရိယာထိပ် ကနေ အပြင်း ကန်သွင်းကာ မန်ချက်စတာ ယူနိုက်တက် အတွက် ချေပဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပြီး အဆိုပါသွင်းဂိုးမှာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ လူကျွံ အနေအထားမှာ ရှိနေခဲ့သလို ဘောလုံးနောက်ကိုလည်း ပြေးလိုက်ခဲ့တာကြောင့် ဖာနန်ဒက်ရဲ့ ချေပဂိုးဟာ လူကျွံဘော ဖြစ်ကြောင်း မန်ချက်စတာ စီးတီးရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာနဲ့ ကစားသမားတွေက စောဒက တက်နေကြပါတယ်။

ရက်ဖို့ဒ်ဟာ လူကျွံအနေအထားမှာ ရှိနေခဲ့သလို ဘောလုံးနောက်ကိုလည်း ပြေးလိုက်သွားတာ မှန်ပေမယ့် သူက ဘောလုံးကို ထိမိခြင်း မရှိသလို မန်ချက်စတာ စီးတီး ဂိုးသမား အီဒါဆန်နဲ့ နောက်ခံလူတွေရဲ့ လှုပ်ရှားမှုတွေ အပေါ် လွှမ်းမိုးမှုလည်း မရှိခဲ့တာကြောင့် ကွင်းလယ်ဒိုင် အက်ဝဲလ်က ယူနိုက်တက်ရဲ့ သွင်းဂိုးဟာ လူမကျွံဘူးလို့ ဆုံးဖြတ်ကာ ဖာနန်ဒက်ရဲ့ သွင်းဂိုးကို ခွင့်ပြုပေးခဲ့ပါတယ်။

Photo Credit: Give Me Sports

လက်ရှိမှာတော့ ဘောလုံးရေးရာ သုံးသပ်သူ အများစုက ကွင်းလယ်ဒိုင် အက်ဝဲလ်ရဲ့ ဆုံးဖြတ်ချက် အပေါ် ဝေဖန်နေကြပေမယ့် ပရီးမီးယားလိဂ်ရဲ့ ဒိုင်လူကြီးဟောင်း တဦး ဖြစ်သူ ခရစ်ဖွိုင်ကတော့ အက်ဝဲလ်ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ပြီး ဘရူနို ဖာနန်ဒက်ရဲ့ သွင်းဂိုးက လူကျွံဘော မဟုတ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။

ခရစ်ဖွိုင်က – “ယူနိုက်တက်ရဲ့ ချေပဂိုးနဲ့ ပတ်သတ်ပြီး မတူတဲ့ အမြင်တွေ ရှိနေတာကို နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီသွင်းဂိုးကို ခွင့်မပြုစရာ အကြောင်းအရင်း မရှိဘူးလို့ပဲ မြင်ပါတယ်။ စည်းကြပ်ဒိုင် ဒါရင်းက ဘရူနို တယောက် ဂိုးသွင်းပြီးတဲ့ အချိန်မှာ အလံထောင်ခဲ့တာဟာ ရက်ဖို့ဒ် တယောက် လူကျွံတယ်လို့ ထင်နေလို့ပါ။ ဒါပေမယ့် သူနဲ့ ကွင်းလယ်ဒိုင် အက်ဝဲလ်တို့ နှစ်ယောက်သား ဆွေးနွေးပြီးတဲ့ အချိန်မှာတော့ သူတို့က ရက်ဖို့ဒ်ဟာ ဘောလုံးကို မထိခဲ့သလို စီးတီး ကစားသမားတွေ အပေါ် လွှမ်းမိုးမှုလည်း မရှိခဲ့ဘူး ဆိုတာကို သဘောတူခဲ့ကြပါတယ်။ လူကျွံဘော စည်းမျဉ်းရဲ့ နံပါတ် ၁၁ အချက်မှာလည်း ကစားသမား တယောက်က ပြိုင်ဘက် အသင်းသားတွေရဲ့ ဘောလုံးကစားမှုကို အနှောင့်အယှက် ဖြစ်စေမယ့် အပြုအမူမျိုး လုပ်ဆောင်မှသာ လူကျွံတယ်လို့ ရေးသားထားပါတယ်။ ဒီအချက်ကြောင့်ပဲ ဒါရင်းနဲ့ အက်ဝဲလ်တို့က လူမကျွံဘူးလို့ ဆုံးဖြတ်ခဲ့ကြတာပါ။ VARဒိုင် မိုက်ကယ် အိုလီဗာကလည်း ဗွီဒီယိုကို အသေးစိတ် ပြန်ကြည့်ပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့ပါတယ်။ ဒီတော့ ဒီဂိုးက အငြင်းပွားစရာ ကောင်းတာ မှန်ပေမယ့် ပေးကို ပေးသင့်တဲ့ သွင်းဂိုးပါ” လို့ ချက်ကျလက်ကျ ရှင်းပြသွားခဲ့တာပဲ ဖြစ်ပါတယ်။