ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ ဝါရင့် တိုက်စစ်မှူး ချူပိုမိုတင်က ယခုဈေးကွက် အတွင်းမှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ တိုက်စစ်ပိုင်း အားနည်းချက်တွေနဲ့ ကြုံတွေ့နေရတဲ့ အသင်း ဖြစ်ပြီး သူတို့အသင်းမှာ တိုက်စစ်မှူး ၂ဦးထဲသာ ရှိနေသလို ရှိနေတဲ့ တိုက်စစ်မှူးတွေကလည်း ကြံ့ခိုင်မှု ပြည့်ဝဖို့ ရုန်းကန်နေရတာကြောင့် ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ယခု ဆောင်းဈေးကွက် အတွင်းမှာ တိုက်စစ်မှူးသစ် တဦး ခေါ်ယူဖို့ စဉ်းစားထားပါတယ်။

Photo Credit: The Sun

တဖက်မှာတော့ အသက် ၃၄နှစ် အရွယ် ကင်မရွန်း တိုက်စစ်မှူး ချူပိုမိုတင်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က သူ့ကို စာချုပ်သစ် ထပ်မချုပ်ဖို့ စဉ်းစားထားသလို သူကလည်း အသင်းသစ် တသင်းဆီ ပြောင်းရွှေ့ဖို့ စိုင်းပြင်းနေပါတယ်။

လတ်တလောမှာ မန်ချက်စတာ ယူနိုက်တက်က ချူပိုမိုတင် အပါအဝင် တိုက်စစ်မှူး အများအပြားကို လိုက်လံ ချိတ်ဆက်နေပေမယ့် အသင်းအတော်များများက သူတို့ရဲ့ တိုက်စစ်မှူးတွေကို ရာသီဝက်ကာလမှာ လက်မလွှတ်ချင်တာကြောင့် တိုက်စစ်မှူးသစ် တဦးကို ခေါ်ယူနိုင်ဖို့ ခက်ခဲနေပြီး ဘိုင်ယန်မြူးနစ်ကတော့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ချူပိုမိုတင်ကို အငှားချဖို့ လမ်းဖွင့်ထားပါတယ်။

Photo Credit: Extra

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ချူပိုမိုတင်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ ချူပိုမိုတင်ဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားနေတာကြောင့် ယူနိုက်တက်ကသာ သူ့ကို ခေါ်ယူဖို့ အမှန်တကယ် လှုပ်ရှားမယ် ဆိုရင် အပြောင်းအရွှေ့ ဖြစ်လာနိုင်ကြောင်း သိရှိရပါတယ်။

ယူနိုက်တက်နဲ့ ချူပိုမိုတင်တို့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဖာဘရီဇီယို ရိုမာနိုက – “ဘိုင်ယန်မြူးနစ်က ဘွန်ဒက်လီဂါမှာရော ၊ ချန်ပီယံလိဂ်မှာပါ အတွေ့အကြုံရင့်တဲ့ ချူပိုမိုတင်လို တိုက်စစ်မှူးမျိုးကို အသင်းမှာ ဆက်ထားချင်မှာ သေချာပါတယ်။ သူတို့က ချူပိုမိုတင် တယောက် ရာသီကုန် အထိ အသင်းမှာ ဆက်နေဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် ချူပိုမိုတင်ကတော့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်နေတဲ့ပုံ ပေါ်ပါတယ်။ ဒါကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်မလား ၊ မဖြစ်ဘူးလား ဆိုတာ ယူနိုက်တက် အပေါ်ပဲ မူတည်ပါလိမ့်မယ်။ တကယ်လို့ ယူနိုက်တက်ကသာ ချူပိုမိုတင်ကို ခေါ်ယူဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့မယ် ဆိုရင် ချူပိုမိုတင်ဟာ ယူနိုက်တက်ဆီ ရောက်လာနိုင်ပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ ဒီကိစ္စအတွက် တရားဝင် ဆွေးနွေးမှုတွေ မရှိသေးပါဘူး။ ဒါကြောင့် သတင်းတွေ ထပ်မထွက်လာတော့တာပါ” လို့ ထုတ်ဖော် ပြောဆိုထားတာပါ။