လီဗာပူးလ်အသင်းရဲ့ အီတလီ တောင်ပံကစားသမား ဖက်ဒရစ်ကို ခီယေဆာက သူ့အနေနဲ့ အခုဈေးကွက်အတွင်းမှာ ဘယ်အသင်းဆီမှ ပြောင်းရွှေ့မှာ မဟုတ်ဘဲ လီဗာပူးလ်အတွက်သာ ဆက်ကစားသွားမှာ ဖြစ်သလို ဒီအသင်းအတွက်ကိုလည်း အကောင်းဆုံး လုပ်ဆောင်ပေးသွားချင်တယ်လို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

အသက်(၂၇)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘယ်တောင်ပံကစားသမား ခီယေဆာဟာ ဒီနေ်ွမှ ဂျုဗင်တပ်စ်ကနေ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို(၁၂)သန်းတည်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကြွက်သားဒဏ်ရာအပြင် ကြံခိုင်မှု မပြည့်ဝခြင်းတွေကြောင့် အသင်းအတွက် ပြိုင်ပွဲစုံမှာ (၉)ပွဲသာ ကစားပေးခွင့် ရထားခဲ့ပါတယ်။

Photo Credit : Goal

ဒီလို အခြေအနေတွေကြောင့် ခီယေဆာရဲ့ အနာဂတ်က လှုပ်ခတ်လာခဲ့ရပြီး အသင်းဟောင်း ဖီအိုရင်တီးနားဆီ ပြန်သွားနိုင်တယ်ဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်လာခဲ့ရပါတယ်။ ဒါပေမယ့် ခီယေဆာကတော့ လက်ရှိ သူ့အသင်းဖြစ်တဲ့ လီဗာပူးလ်မှာသာ ဆက်လက် ကစားသွားချင်နေပြီး မနေ့ညက PSV နဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း ဂိုးဖန်တီးမှုပါ လုပ်ဆောင်သွားခဲ့ပါတယ်။

ခီယေဆာက “ကျွန်တော် လီဗာပူးလ်အသင်းအတွက်ပဲ ကစားချင်ပါတယ်။ ကျွန်တော် ဒီအသင်းမှာပဲ ဆက်ရှိချင်ပါတယ်။ ဒီကလပ်အသင်းအတွက်ကိုလည်း အကောင်းဆုံးတွေ လုပ်ဆောင်ပေးသွားချင်ပါတယ်။ ကျွန်တော် ဒီအသင်းမှာ ရှိနေရတာကို ပျော်ရွှင်ပါတယ်။ လီဗာပူးလ်က ကမ္ဘာ့အကြီးဆုံး ကလပ်အသင်းတွေထဲက တစ်သင်းပါ။”

Photo Credit : The Irish News

“ဒီအသင်းကို အားပေးနေကြတဲ့ အသင်းပရိသတ်ထုရဲ့ အားပေးမှုကလည်း တကယ့်ကို အံ့မခန်းပါပဲ။ အန်ဖီးလ်ကွင်းထဲမှာ ကစားရတဲ့ အချိန်တိုင်း ပရိသတ်တွေရဲ့ အားပေးမှုက တုန့်လှုပ်စရာကောင်းစေပါတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ခီယေဆာက ဒီရာသီမှာ လီဗာပူးလ်အတွက် (၂)ပွဲတည်းသာ ပွဲထွက်ကစားထားရပါသေးတယ်။

လီဗာပူးလ်မှာက မိုဟာမက် ဆာလာနဲ့ ကိုဒီ ဂက်ပိုတို့ အတော်လေး ခြေစွမ်းပြသနေပြီး ဒီယိုဂို ဂျိုတာ၊ ဒါဝင် နူးညက်ဇ်နဲ့ လူးဝစ် ဒီးယက်ဇ်တို့လည်း ရှိနေတာကြောင့် ခီယေဆာအနေနဲ့ ဒီကစားသမားတွေကို ကျော်လွန်ပြီး ပွဲကစားခွင့်တွေ များများစားစား ရရှိဖို့က သိပ်မလွယ်ကူပေမယ့် လီဗာပူးလ်က ဖလား(၃)လမ်းကြောင်းမှာ ရှိနေသေးတာကြောင့် လက်ကျန် ရာသီဝက်ထဲ ခီယေဆာအတွက် ပွဲကစားခွင့် ဘယ်လောက်ထိ ရနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။