အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်နဲ့ အီတလီ လက်ရွေးစင်အသင်းတို့ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သူ ချီလီနီကတော့ လတ်တလောမှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသလို မန်ချက်စတာ ယူနိုက်တက်ရဲ့ ပွဲထွက် လူစာရင်း ကနေပါ ဖယ်ရှားခံထားရတဲ့ ယူနိုက်တက် ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားဟာ ခံစစ်မှူးကောင်း တဦး ဖြစ်ပြီး မက်ဂွိုင်းယားဟာ မမျှတတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုနောက်ခံလူ မက်ဂွိုင်းယားက လက်စတာ စီးတီး ကနေ မန်ချက်စတာ ယူနိုက်တက်ထံ နောက်ခံလူ တဦး အတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ယူနိုက်တက်ထံ ရောက်ရှိကာစမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် အသင်းခေါင်းဆောင်ရာထူးကို ရရှိခဲ့တဲ့ အထိ အောင်မြင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ သူ့ရဲ့ ခြေစွမ်းတွေဟာ တဖြည်းဖြည်းနဲ့ နိမ့်ပါးလာခဲ့ပါတယ်။

Photo Credit: The Sun

ယခုနှစ် ဘောလုံးရာသီမှာလည်း မက်ဂွိုင်းယားက သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ခြင်း မရှိခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် အတွက် ရာသီအစ ၂ပွဲမှာ ဝင်ရောက် ကစားခွင့် ရခဲ့ပေမယ့် သူ ပါဝင် ကစားခဲ့တဲ့ ၂ပွဲစလုံးမှာ မန်ချက်စတာ ယူနိုက်တက်က ရှုံးပွဲတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ဟာ မက်ဂွိုင်းယားကို ပွဲထွက် လူစာရင်း ကနေ ဖယ်ရှားပြီး ဗာရန်းနဲ့ မာတီနက်ဇ်တို့ရဲ့ ခံစစ်အတွဲကိုသာ အသုံးပြုနေခဲ့ပါတယ်။

တန်ဟက်ဂ်ရဲ့ လူစာရင်း အပြောင်းအလဲကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ရလဒ်ကောင်းတွေကို တောက်လျှောက် ပြန်လည် ရယူနိုင်ခဲ့ပြီး အသင်းကြီးတွေ ဖြစ်တဲ့ လီဗာပူး ၊ အာဆင်နယ်တို့ကိုလည်း အနိုင်ရထားတာကြောင့် မက်ဂွိုင်းယားဟာ ယူနိုက်တက်ရဲ့ ပြဿနာ တခုသာ ဖြစ်ကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ကာ ချီလီနီကတော့ မက်ဂွိုင်းယားဟာ ဗဟိုခံစစ်မှူးကောင်း တဦး ဖြစ်တာကြောင့် အခုလိုမျိုး ဝေဖန်နေတာတွေက မှားယွင်းကြောင်း ပြောကြားရင်း မက်ဂွိုင်းယားကို ကာကွယ်ပေးသွားခဲ့ပါတယ်။

Photo Credit: The Sun

ချီလီနီက – “ကျွန်တော်က မက်ဂွိုင်းယား အတွက် စိတ်မကောင်းပါဘူး။ သူက ကစားသမားကောင်း တဦးပါ။ ကျွန်တော့်အမြင်မှာတော့ လူတွေက သူ့ဆီကနေ အများကြီးကို တောင်းဆိုလွန်းနေတယ် ဆိုတာပါပဲ။ ယူနိုက်တက်က သူ့အတွက် ပေါင် ၈၀သန်း သုံးထားရလို့ သူက ပွဲတိုင်းမှာ ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူး ဆိုတဲ့ ခြေစွမ်းမျိုးနဲ့ ကစားပြနေရမှာလား။ အဲ့ဒါက မှန်ကန်တဲ့ အရာတခု မဟုတ်ပါဘူး။ ပြောင်းရွှေ့ကြေးတွေ ဆိုတာ သတ်မှတ်ချက်တွေကြောင့် ဖြစ်လာတာမျိုးပါ။ ပြောင်းရွှေ့ကြေးတွေက မက်ဂွိုင်းယားနဲ့ သက်ဆိုင်တဲ့ အရာ မဟုတ်ပါဘူး။ ဒါကြောင့် မက်ဂွိုင်းယားကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြတာဟာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။