မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီနေ့ည အိုးထရက်ဖို့ဒ်မှာ ကစားရမယ့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ လိုင်ယွန်အသင်းကို အနိုင်ယူပြီး ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ချန်ပီယံ ဖြစ်လာလိမ့်လို့ မျှော်လင့်ကြောင်း ယူနိုက်တက် ကစားသမားဟောင်း ဟာဗီယာ ချီချာရီတို ဟာနန်ဒက်ဇ်က ပြောဆိုလိုက်ပါတယ်။

လက်ရှိက နည်းပြရူဘင် အမော်ရင်လက်အောက်မှာ ယူနိုက်တက်အတွက် ခက်ခဲတဲ့ ရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အဆင့်(၁၄)မှာ ရပ်တည်နေပြီး လက်ရှိ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းနဲ့လည်း (၃၈)မှတ်အထိတောင် ကွာဟနေရပါတယ်။ ဒါပေမယ့် ယူနိုက်တက်အတွက် ယူရိုပါလိဂ်မှာတော့ မျှော်လင့်ချက်က ရှိနေသေးပြီး ဒီညပွဲကို နိုင်လိုက်မယ်ဆိုရင် ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။

Photo Credit : Goal

ပထမအကျော့ ပြင်သစ်မြေမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဂိုးသမား အန်ဒရေ အိုနာနာရဲ့ အမှားတွေကြောင့် (1-2) နဲ့ ဦးဆောင်နေတဲ့ အခြေအနေကနေ (2-2) ဖြစ်သွားခဲ့ရတဲ့အတွက် အခု အိုးထရက်ဖို့ဒ်မှာ ပြန်ကစားရမယ့် ဒုကျော့ပွဲက အဆုံးအဖြတ်ပွဲ ဖြစ်နေရပါတယ်။ ဒီပွဲမတိုင်ခင်မှာ ယူနိုက်တက် ကစားသမားဟောင်း ချီချာရီတိုက “ကျွန်တော် အရမ်းပျော်ပါတယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ်မှာ ဆက်လက် ယှဉ်ပြိုင်နေတုန်းပါ။ ဒီရာသီက ခက်ခဲခဲ့တယ်။”

“ပြီးခဲ့တဲ့ ရာသီအနည်းငယ်လည်း ဒီလိုပါပဲ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်လို ကလပ်အသင်းအတွက် ဒီလို ဖလားတွေအတွက် ယှဉ်ပြိုင်နေတာက အရေးကြီးပါတယ်။ သူတို့ ဒီဖလားကို ရမယ်လို့ ကျွန်တော် တကယ်မျှော်လင့်ပါတယ်။ နိုင်ငံတကာပြိုင်ပွဲတစ်ခုမှာ အနိုင်ရဖို့ အခွင့်အရေးရှိတာက အမြဲတမ်း အရေးကြီးပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ကနေ ဥရောပဝင်ခွင့် ရရှိဖို့အတွက် မဖြစ်နိုင်တော့ပေမယ့် ယူရိုပါလိဂ်ဖလားကိုသာ ရယူနိုင်ခဲ့မယ်ဆိုရင်တော့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာ ရရှိမှာ ဖြစ်သလို ဒီရာသီကိုလည်း အဓိက ဆုဖလားတစ်လုံးနဲ့ ရာသီပိတ်သိမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

နည်းပြအမော်ရင်ကလည်း လိုင်ယွန်ပွဲနဲ့ ပတ်သက်ပြီး “ကျွန်တော် ရှင်းရှင်းလင်းလင်း ဖြစ်အောင် ကြိုးစားနေပါတယ်။ ရိုးရှင်းအောင် ထားပြီး အတွေးမများအောင် လုပ်နေပါတယ်။ ပွဲကို စိတ်ထဲက မြင်ယောင်ကြည့်တဲ့အခါမှာ အန်ဒရေ အိုနာနာကို မြင်တယ်။ သူက ပြီးခဲ့တဲ့ ပိတ်ရက်မှာ အနားရခဲ့လို့ အခု ပြိုင်ပွဲထဲ ပြန်ဝင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော် အန်ဒရေကို ပွဲထွက်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်မချခင် သူနဲ့ စကားပြောခဲ့ပါတယ်။ ကစားသမားကို ကျွန်တော်တွေးတာကို ရှင်းပြတာက အရေးကြီးပါတယ်။” လို့ ပြောဆိုလိုက်ပါတယ်။