မန်ချက်စတာ စီးတီးအသင်းအတွက် ဘောလုံးတစ်ချက်တောင် မကန်ရသေးပေမယ့် ကြယ်ပွင့်ကစားသမားသစ် ရာယန် ချာကီကတော့ သူ့ရဲ့ ပွင့်လင်းပြတ်သားတဲ့ စကားတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်နေပါပြီ။ ကီဗင် ဒီဘရိုင်း ထွက်ခွာသွားမှုကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်စစ်ပိုင်း ဖန်တီးနိုင်စွမ်း လစ်ဟာမှုကို ဖြည့်တင်းဖို့ ခေါ်ယူခံခဲ့ရသူ ချာကီဟာ အသင်းနဲ့အတူ ရာသီကြို လေ့ကျင့်ရေးဆင်းနေရင်း သူ့ရဲ့ ရည်မှန်းချက်ကြီးတွေကို အခုလိုပဲ ချပြခဲ့ပါတယ်။

သူ့အပြောအရ မန်စီးတီးဟာ သူ့ကို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or) ဆွတ်ခူးနိုင်အောင် ပံ့ပိုးပေးနိုင်မယ့် ကလပ်ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ သူက ဒီဘရိုင်းနရာကို အစားထိုးတာ မဟုတ်ကြောင်း ဘယ်သူကမှ ဒီဘရိုင်းနားလို ဂန္ထဝင်ကစားသမားနေရာကို အစားထိုးလို့မရဘူးလို့လည်း ဝန်ခံခဲ့ပါတယ်။

Photo Credit : The Tines

အရေးအကြီးဆုံးကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်ကို ချေမှုန်းပစ်ချင်တယ်လို့ ပြောခဲ့တာပါပဲ။ မိနစ်ပိုင်းလေးအတွင်း သူပြောခဲ့တဲ့ စကားလုံးတိုင်းဟာ မန်စီးတီး ပရိသတ်တွေအတွက်တော့ နားဝင်ပီယံဖြစ်စေခဲ့မှာ အသေအချာပါပဲ။ လိုင်ယွန်အသင်းကနေ ပေါင် သန်း ၃၀.၄ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ချာကီဟာ လူငယ်ကစားသမားဘဝကတည်းက ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရသူပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဧပြီလက အိုးထရက်ဖို့ဒ်မှာ လိုင်ယွန်အသင်း ၅-၄ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်က အဖြစ်အပျက်တွေက သူ့ကို ယူနိုက်တက်အပေါ် အမြင်တစ်မျိုး ဖြစ်စေခဲ့ပါတယ်။ “ကျွန်တော်က လိုင်ယွန်သားတစ်ယောက်ဖြစ်တဲ့အတွက် မန်ချက်စတာ ယူနိုက်တက်က လိုင်ယွန်ကို အနိုင်ရသွားတာကို မကြိုက်ခဲ့ဘူး။ အခုတော့ သူတို့ကို ချေမှုန်းပစ်ဖို့ အဲ့ဒီပွဲကို ကျွန်တော် စောင့်နေပြီ။ ကျွန်တော်က မန်ချက်စတာ စီးတီးကိုပဲ လာချင်ခဲ့တာ” လို့ သူက ဆက်ပြောပါတယ်။

ချာကီက မန်စီးတီးကို ရွေးချယ်ခဲ့တဲ့ အဓိကအကြောင်းရင်းကတော့ နည်းပြ ပက်ပ် ဂွါဒီယိုလာကြောင့် ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ဆိုပါတယ်။ “ကျွန်တော် ပက်ပ်နဲ့ စကားပြောဖြစ်တယ်။ သူက ကျွန်တော့်ကို လိုချင်တယ်ဆိုတာ အရမ်းရှင်းလင်းပါတယ်။ ဒီအသင်းရဲ့ ကစားကွက် ကလပ်အသင်းနဲ့ မြို့ကြီးက အရမ်းကောင်းတယ်။ ကျွန်တော်က အောင်မြင်မှုတွေ လိုချင်တယ်။ မန်စီးတီးကလည်း အရာအားလုံးကို အနိုင်ယူချင်တဲ့ အသင်းပါ။ ဒါက ကျွန်တော့်အတွက် အကောင်းဆုံးပဲ။ ဒီမှာ ရိုဒရီ ဘလွန်းဒီအောဆု ရသွားတာကို ကြည့်လိုက်ပါ။ မန်စီးတီးနဲ့ဆိုရင် ဒီဆုကို ရနိုင်တယ်ဆိုတာ ရှင်းနေတာပဲ။ ကျွန်တော် ဒီကိုလာတာ အဲ့ဒီအတွက်ပဲ။” လို့ သူ့ရဲ့ ရည်မှန်းချက်ကြီးကို ချပြခဲ့ပါတယ်။

Photo Credit : Manchester City FC

သူ့ရဲ့ ယုံကြည်မှုတွေ အထင်းသားပေါ်နေပေမယ့် ချာကီက ဒီဘရိုင်းနားနဲ့ နှိုင်းယှဉ်တာတွေကိုတော့ ရှောင်ရှားခဲ့ပါတယ်။ “ကျွန်တော်က ကီဗင် ဒီဘရိုင်းနား မဟုတ်ပါဘူး။ သူက ဒီကလပ်ရဲ့ ဂန္ထဝင်ပါ။ ကျွန်တော်က အသင်းကို ကူညီဖို့ ဒီကိုရောက်နေတာ။ ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ရှိပါတယ်။ ကျွန်တော် ကြိုးစားပြီးတော့ ကိုယ့်အလှည့်ကို စောင့်မှာပါ။” လို့ နှိမ့်ချစွာ ပြောခဲ့ပါတယ်။

ပက်ပ် ဂွါဒီယိုလာက သူ့ကို ကွင်းထဲမှာ ဘယ်လိုအသုံးချမလဲဆိုတာကိုလည်း သူက အခုလို ရှင်းပြခဲ့ပါတယ်။ “ပက်ပ်က ကျွန်တော့်ကို ပြောတယ်။ သူက နံပါတ် ၁၀ ကစားသမားတွေကို သဘောကျတယ်တဲ့။ ဒါပေမယ့် ကျွန်တော်က အခု ကွင်းထဲက နေရာစုံမှာ ကစားနိုင်ပါတယ်။ ပက်က မင်းဘောလုံးရထားတဲ့ အချိန်မှာ မင်းလွတ်လပ်တယ် (you are free)’ လို့ ပြောခဲ့တယ်။ ဒါက ကျွန်တော့်အတွက် အရမ်းကောင်းတဲ့ အချက်ပဲ၊ ဘာလို့လဲဆိုတော့ ဒါက အသင်းကို ကူညီနိုင်မယ့် ကျွန်တော့်ရဲ့ အဓိက အရည်အသွေးဖြစ်လို့ပါပဲ။” လို့ ဆိုခဲ့ပါတယ်။