အာဆင်နယ်က သူတို့ရဲ့ အဓိကပစ်မှတ် မူဒရစ်ခ်ကို မခေါ်နိုင်ခဲ့လို့ ထရိုဆက်ဒ်ကိုပဲ ခေါ်ယူလိုက်နိုင်တာဟာ တကယ်ကို ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်သွားခဲ့ရတယ်ဆိုပြီး အာဆင်နယ် ပရိသတ်တချို့ရဲ့ ပြောဆိုမှုတွေအပြင် ချဲလ်ဆီးပရိသတ်တချို့ကပါ မူဒရစ်ခ်ကို အဆမတန် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမိခဲ့တာက ငါတို့အသင်းအတွက် ဂျင်းမိသွားပြီလားလို့ တွေးထင်မိနေတာတွေ အားလုံး မှားယွင်းကြောင်း သက်သေပြသွားမယ်လို့ မူဒရစ်ခ်က ကြုံးဝါးလိုက်ပါတယ်။

Photo Credit : talkSPORT

အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ တော်တော်လေး ထွက်ပေါ်ခဲ့သူ ရှက်တာဒိုးနက်ရဲ့ ယူကရိန်း တောင်ပံကစားသမား မူဒရစ်ခ်ဟာ တကယ်တမ်း အသင်းပြောင်းရွှေ့တော့ ချဲလ်ဆီးအသင်းဆီကိုသာ ရောက်ရှိခဲ့ပြီး မူဒရစ်ခ်ကို မရခဲ့တဲ့ အာဆင်နယ်ကလည်း ဘရိုက်တန်ရဲ့ ဘယ်လ်ဂျီယံ ကစားသမား ထရိုဆက်ဒ်ကို ခေါ်ယူခဲ့ရပါတယ်။ ထရိုဆက်ဒ်က ပရီးမီးယားလိဂ်မှာ ကျင်လည်ပြီးသား ကစားသမားဖြစ်တဲ့အပြင် အာဆင်နယ်ရဲ့ ကစားဟန်နဲ့ပါ အံ့ဝင်ခဲ့ပြီး (၁)ဂိုးသွင်းကာ (၆)ဂိုးအထိတောင် ဖန်တီးထားနိုင်ခဲ့ပါတယ်။

Photo Credit : Football365

မူဒရစ်ခ်ကတော့ နည်းပြပေါ်တာရဲ့ နေရာပေးမှုပါ မရထားသေးသလို လက်စတာနဲ့ပွဲမှာပဲ ကိုဗာဆစ်ရဲ့ဂိုးကို ပထမဆုံးအကြိမ်အဖြစ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ မတ်လအတွင်းမှာ ချဲလ်ဆီးအသင်း ကစားခဲ့တဲ့ (၄)ပွဲအနက် လက်စတာနဲ့ပွဲကိုသာ (၈၁)မိနစ်အထိ ပါဝင်ခွင့်ရခဲ့ပြီး ကျန်တဲ့ (၃)ပွဲမှာတော့ unused substitute သာ ဖြစ်ခဲ့ရတဲ့ မူဒရစ်ခ်က international week မှာပါ ယူကရိန်းအသင်းအတွက် ခြေစွမ်းပြသနိုင်ခြင်း မရှိပဲ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit : Sky Sports

ဒီအခြေအနေတွေနဲ့ ပတ်သတ်ပြီး ပရီးမီးယားလိဂ် ခရီးစဉ်အစက ကြမ်းတမ်းမှုတွေနဲ့ စတင်ခဲ့ရလားလှို့ Sky Sports ဘက်က မေးမြန်းလာခဲ့ရာ မူဒရစ်ခ်က “ဟုတ်တယ်လို့ ပြောနိုင်ပါတယ်။ ဖိအားတွေ များစွာနဲ့ကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော့်အတွက်တော့ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ ဒီလို ဖိအားမျိုးကိုလည်း ကျွန်တော် သဘောကျတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နေ့မှာ ကျွန်တော့်ကို အရှုံးသမားလို့ ပြောခဲ့တဲ့သူက တစ်နေ့ကျရင် ကျွန်တော်ကို winner လို့ ပြောလာလိမ့်မယ်။ အချိန်က စကားပြောသွားမှာပါ။ လက်စတာနဲ့ပွဲမှာ ပထမဆုံး assist လုပ်နိုင်ခဲ့တယ်။ ပထမဆုံးဂိုးလည်း သိပ်မကြာခင်မှာပဲ လာပါမယ်” လို့ ဖြေဆိုသွားခဲ့ပါတယ်။