ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ယနေ့ နေ့လယ်ပိုင်းမှာပဲ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ် တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း အံ့အားသင့်ဖွယ် ထုတ်ပြန် ကြေညာသွားပါတယ်။

တူဟယ်လ်က ချယ်လ်ဆီး အတွက် ကမ္ဘာ့ကလပ်ဖလား ၊ ချန်ပီယံလိဂ်ဖလားနဲ့ ဥရောပ စူပါဖလားတွေကို အရယူထားပေးတဲ့ နည်းပြကောင်း တဦး ဖြစ်ပေမယ့် ချယ်လ်ဆီးကတော့ တူဟယ်လ်ရဲ့ ကစားသမားတွေကို ကိုင်တွယ်ပုံနဲ့ နည်းစနစ်တွေကို သဘောမကျတာကြောင့် ရာထူးကနေ ထုတ်ပယ်ဖို့ ခပ်မြန်မြန်ပဲ ဆုံးဖြတ်လိုက်တာပါ။

Photo Credit: Football London

တချို့သတင်းဌာနတွေက ချယ်လ်ဆီးပိုင်ရှင်သစ် တော့ပ် ဘိုလေဟာ အသင်းကို အစအဆုံး ပြန်လည် တည်ဆောက်ချင်တာကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို ကန့်ကွက်မှု လုပ်ခဲ့တဲ့ တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ဖော်ပြထားကြပြီး ချယ်လ်ဆီးက တူဟယ်လ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် နည်းပြတဦးကိုလည်း အမြန်ဆုံး ရှာဖွေနေကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက လာမယ့် နာရီပိုင်း အတွင်းမှာပဲ ဘရိုက်တန်နည်းပြ ​ဂရေဟမ် ပေါ်တာကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ ကမ်းလှမ်းဖို့ ကြံရွယ်နေကြောင်း သိရပါတယ်။

Photo Credit: Football London

ဂရေဟမ် ပေါ်တာဟာ ဘရိုက်တန်လို အသင်းငယ် တသင်းကို အင်အားကြီးအသင်းတွေနဲ့ ကစားကွက်ချင်း ယှဉ်ပြိုင် ကစားနိုင်အောင် စွမ်းဆောင်ပေးထားခဲ့တဲ့ နည်းပြကောင်း တဦး ဖြစ်ပြီး ပေါ်တာကလည်း ချယ်လ်ဆီးလို အသင်းကြီးမျိုးကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း ဘရိုက်တန်နဲ့ နီးစပ်သူတွေက ပြောကြားထားကြပါတယ်။