ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် အက်စ်တွန်ဗီလာရဲ့ လူငယ်တိုက်စစ်မှူး ဒူရမ်ကို ခေါ်ယူချင်နေပြီး ချယ်လ်ဆီးဟာ လာမယ့်ရက်ပိုင်း အတွင်း ဒူရမ်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ လုပ်တော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြလာကြပါတယ်။

ချယ်လ်ဆီးက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး ပေါင် ၃၅၀သန်းကျော် အသုံးပြုကာ အားဖြည့်မှုတွေ လုပ်ထားသလို နီကိုလပ်စ် ဂျက်ဆန် ၊ အန်ကွန်ကူ စတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူးတွေကို ခေါ်ယူထားပေမယ့် သူတို့ရဲ့ တိုက်စစ်ပိုင်းက အားရစရာ အနေအထားမျိုးမှာ မရှိသေးပါဘူး။

Photo Credit: Goal

ချယ်လ်ဆီးက နီကိုလပ်စ် ဂျက်ဆန်နဲ့ အန်ကွန်ကူတို့အပြင် အကယ်ဒမီထွက် တိုက်စစ်မှူး ဘရော်ဂျာကိုပါ ပိုင်ဆိုင်ထားပေမယ့် အန်ကွန်ကူဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရသလို ဘရော်ဂျာနဲ့ ဂျက်ဆန်တို့ရဲ့ အဆုံးသတ်စွမ်းရည်ကလည်း အခြား ထိပ်သီးအသင်းတွေရဲ့ တိုက်စစ်မှူးတွေနဲ့ ယှဉ်ရင် တဆင့် နိမ့်နေပါသေးတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ယခု ဆောင်းဈေးကွက် အတွင်းမှာ တိုက်စစ်မှူးသစ် တဦး ခေါ်ယူဖို့ စီစဉ်နေပြီး ချယ်လ်ဆီးက ငယ်ရွယ်သလို အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဗီလာ လူငယ်တိုက်စစ်မှူး ဒူရမ်ကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဆောင်းဈေးကွက် မပိတ်ခင်မှာ ဒူရမ်ကို ခေါ်ယူနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပြီး ချယ်လ်ဆီးဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ ဒူရမ်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမယ်လို့ သိရှိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မတ်လောကလည်း ချယ်လ်ဆီးဟာ ဒူရမ်ကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းနေကြောင်းအား ထပ်ဆင့် အတည်ပြုပေးထားပြီး ဒူရမ်က ချယ်လ်ဆီးဆီ ပြောင်းဖို့ စိတ်ဝင်စားနေတာကြောင့် လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ချယ်လ်ဆီးက ဒူရမ်အတွက် တရားဝင် ကမ်းလှမ်းမှု တရပ်ကို ဗီလာထံ ပေးပို့နိုင်ကြောင်း ဆိုထားပါတယ်။