ချယ်လ်ဆီးအသင်းဟာ စာချုပ်ဖျက်သိမ်းကြေး ယူရို (၆)သန်းသာ ရှိနေတဲ့ ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး မက်ခ့် ဂူရီကို ခေါ်ယူသွားနိုင်ဖို့အတွက် ကစားသမား အေးဂျင့်ဖြစ်သူနဲ့ ဆက်တိုက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေရာ တိုးတက်မှုတွေ ရှိနေယ်လို့ ဖာဘရီဇီယို ရိုမာနိုက သတင်းဖော်ပြထားခဲ့ပါတယ်။
ပိုင်ရှင်သစ် BlueCo လက်ထက် အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်လေးတွေကိုပဲ အဆက်မပြတ် ခေါ်ယူလာခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ အခုနွေရာသီမှာလည်း ဆယ်ကျော်သက် ကစားသမားလေးတွေကိုသာ ပိုမို ဦးစားပေး ခေါ်ယူလို့နေပြီး သိပ်မကြာသေးခင်ကမှ ပါးလ်မီးရပ်စ်က ဘရာဇီးလ် ဆယ်ကျော်သက် ကြယ်ပွင့်လေး အက်စတာဗို ဝီလီယံစ်ကိုပါ ခေါ်ယူထားခဲ့ပါသေးတယ်။
Photo Credit : Sports Illustrated
အခုလည်း ချယ်လ်ဆီးဟာ လာမာစီယာ အကယ်ဒမီထွက် အသက် (၁၈)နှစ်အရွယ် ဘာစီလိုနာ လူငယ်တိုက်စစ်ကစားသမား ဂူရီကိုပါ ခေါ်ယူနိုင်ဖို့ ချိန်ရွယ်လာခဲ့ပါတယ်။ အရပ်အမောင်း မြင့်မားပြီး ဂိုးဧရိယာထဲမှာ သေချာ ထိရောက်အောင် ကစားနိုင်တဲ့ ဂူရီဟာ ပြီးခဲ့တဲ့ ရာသီကနေ စတင်ကာ ဘာစီလိုနာ စီနီယာအသင်းအတွက် ကစားပေးခွင့် ရရှိခဲ့သလို (၇)ပွဲကစား (၂)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒီကစားသမားလေးက ဘာစီလိုနာအသင်းနဲ့ ၂၀၂၅ခုနှစ်အထိသာ စာချုပ်သက်တမ်းက ကျန်ရှိနေတော့သလို ဂူရီအတွက် ဘာစီလိုနာက ချုပ်ဆိုထားတဲ့ စာချုပ်ဖျက်သိမ်းကြေးဟာလည်း ယူရို (၆)သန်းတည်းသာ ရှိနေရပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ မာ့ခ် ဂူရီကို ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့က ခေါ်ယူနိုင်ဖို့ စတင် လှုပ်ရှားလာခဲ့ပါတယ်။
Photo Credit : Managing Barca
အသင်းနှစ်သင်းလုံးက ဂူရီကို ရရှိဖို့အတွက် ဆွေးနွေးမှုတွေ အသေအချာ လုပ်ဆောင်နေရင်း လက်ရှိမှာတော့ ချယ်လ်ဆီးက ဂူရီရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေဟာ အလွန်ကို တိုးတက်လွန်းနေပြီး ဘာစီလိုနာကလည်း သူတို့ကစားသမားလေးကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့နဲ့ စာချုပ်လျော်ကြေးကိုပါ ထပ်တိုးမြှင့်သွားဖို့လည်း ရှိနေပါတယ်။
ချယ်လ်ဆီးအနေနဲ့ ဒီရက်ပိုင်းအတွင်းမှာပဲ ဗီလာ ကွင်းလယ်တိုက်စစ် ကစားသမားလေး ကယ်လီမန်းအပြင် ဘာစီလိုနာက ဂူရီကိုပါ တစ်ပါတည်း ခေါ်ယူသွားနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပြီး ဒီနွေရဲ့ ပထမဆုံး ခေါ်ယူမှုအဖြစ်လည်း ဖူလ်ဟမ်အသင်းရဲ့ နောက်ခံကစားသမား တိုဆင် အဒါယာဘိုင်အိုယိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်ခဲ့ပါတယ်။