ချယ်လ်ဆီးအသင်းကတော့ လက်ရှိအသင်းနည်းပြ မော်ရစ်စီယို ပိုချက်တီနိုကို ဒီရာသီအကုန်မှာပဲ နည်းပြရာထူးကနေ ထုတ်ပယ်သွားဖို့ စီစဉ်နေပြီး သူ့နေရာမှာ စပို့တင်း လစ္စဘွန်းအသင်းရဲ့ နည်းပြ ရူဘင် အာမိုရင်နဲ့ အစားထိုး ခန့်အပ်သွားချင်နေပါတယ်။

နည်းပြ ပိုချက်တီနိုက ဒီနှစ်ရာသီမှ ချယ်လ်ဆီးအသင်းကို စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပေမယ့်လည်း အသင်းက လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၁၁)ထိ ရောက်ရှိနေသလို လိဂ်ဖလားမှာလည်း ဖိုင်နယ်ပွဲစဉ်ထဲ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့လို့ ဆုဖလားရော ဥရောပဝင်ခွင့်ပါ လက်လွတ်ထားခဲ့ရပါတယ်။

Photo Credit : Chelsea Chronicle

ဒါ့အပြင် ချယ်လ်ဆီးအနေနဲ့ ဒီရာသီရဲ့ တစ်ခုတည်းသော ဆုဖလားဖြစ်တဲ့ FA Cup မှာပါ ချန်ပီယံဖြစ်ဖို့ မလွယ်ကူနိုင်တာကြောင့် အသင်းနည်းပြ ပိုချက်တီနိုရဲ့ ချယ်လ်ဆီးနည်းပြ အနာဂတ်က ဒီတစ်ရာသီတည်းမှာပဲ အဆုံးသတ်သွားရဖွယ် ရှိနိုင်ပါတယ်။

ဒီလို အခြေအနေမှာပဲ ချယ်လ်ဆီးအသင်းက ပေါ်တူဂီ ထိပ်သီးကလပ် စပို့တင်း လစ္စဘွန်းအသင်းရဲ့ နည်းပြ အာမိုရင်နဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ချယ်လ်ဆီးက ပိုချက်တီနိုရဲ့ စွမ်းဆောင်မှုတွေကို သဘောမကျတော့တာကြောင့် အာမိုရင် အပါအဝင် နည်းပြများစွာက စောင့်ကြည့်နေတယ်လို့ ဖာဘရီဇီယို ရိုမာနိုက CaughtOffside မှာ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Football365

အသက် (၃၉)နှစ်သာ ရှိနေသေးတဲ့ ပေါ်တူဂီလူမျိုး နည်းပြ အာမိုရင်ဟာ ပေါ်တူဂီ လက်ရွေးစင် ကစားသမားဟောင်းဖြစ်ပြီး စပို့တင်းအသင်းကို ကိုင်တွယ်စဉ်မှာလည်း ပေါ်တူဂီ အမှတ်ပေးဆုဖလားပါ ရယူထားပေးနိုင်ခဲ့ပါသေးတယ်။ ဒီရာသီမှာလည်း အာမိုရင်က စပို့တင်းကို ဆုဖလား (၃)လုံး လမ်းကြောင်းပေါ်မှာ ရပ်တည်နိုင်အောင် လုပ်ဆောင်ပေးထားနိုင်ပါတယ်။

ဒီလို စွမ်းဆောင်မှုကောင်းတွေ လုပ်ဆောင်ပြထားတဲ့ လူငယ် နည်းပြတစ်ဦးကို အသင်းတော်တော်များများက စိတ်ဝင်စားကြပြီး ဒီထဲမှာ ချယ်လ်ဆီးအသင်းလည်း ပါဝင်နေသလို အာမိုရင် ကိုယ်တိုင်ကလည်း ဒီအခွင့်အရေးတွေကို လက်ခံရယူသွားဖွယ် ရှိနိုင်တာကြောင့် ချယ်လ်ဆီးနဲ့ အာမိုရင်တို့ အခြေအနေကို ဆက်လက် စောင့်ကြည့်သွားရနိုင်ပါတယ်။