ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးဟာ လာမယ့် နွေအပြောင်းအရွှေ့မှာ အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ဝါနာနဲ့ ပူလီဆစ်တို့ကို ရောင်းထုတ်ကာ မန်ချက်စတာ စီးတီးရဲ့ တောင်ပံတိုက်စစ် ကစားသမား စတာလင်းကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေကြောင်း နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးက ဇီရက်ဇ် ၊ ဝါနာ ၊ ပူလီဆစ် စတဲ့ မြန်နှုန်းမြင့် တောင်ပံတိုက်စစ် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် ပူလီဆစ်က မကြာခဏ ဆိုသလို ဒဏ်ရာတွေ ရလေ့ ရှိသလို ဇီရက်ဇ်နဲ့ ဝါနာတို့ရဲ့ ခြေစွမ်းတွေကလည်း တည်ငြိမ်မှု မရှိတာကြောင့် လာမယ့် နွေအပြောင်းအရွှေ့မှာ ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမား တဦးကို ခေါ်ယူဖို့ စီစဉ်နေတာပါ။

Photo Credit: Metro

အသက် ၂၇နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား စတာလင်းကတော့ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သလို မန်ချက်စတာ စီးတီးနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ ကစားသမား တဦးလည်း ဖြစ်ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ စတာလင်းတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းက ၁နှစ်ကျော်သာ ကျန်တော့ပြီး မန်ချက်စတာ စီးတီးဟာ စတာလင်းကို လက်ရှိအချိန်အထိ စာချုပ်သစ် ကမ်းလှမ်းထားခြင်း မရှိတာကြောင့် စတာလင်းက လာမယ့် နွေအပြောင်းအရွှေ့မှာ မန်ချက်စတာ စီးတီးကနေ ထွက်ခွာဖို့ အလားအလာ များပြားနေပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက လာမယ့် နွေအပြောင်းအရွှေ့မှာ သူတို့ရဲ့ တောင်ပံတိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ပူလီဆစ်နဲ့ ဝါနာတို့ထဲက တဦးကို ရောင်းထုတ်ဖြစ်ပါက စတာလင်းကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေပြီး မန်ချက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ စတာလင်းကို ခေါ်ယူနိုင်မယ်လို့လည်း ယုံကြည်ထားကြောင်း သိရပါတယ်။

ချယ်လ်ဆီးက မန်ချက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ စတာလင်း အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်း ဝန်းကျင် သုံးစွဲရဖို့ ရှိနေပြီး ပူလီဆစ်နဲ့ ဝါနာတို့ထဲက တဦးကို ရောင်းချဖြစ်ရင် ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း ဝန်းကျင် ရရှိဖွယ် ရှိနေပါတယ်။