ချဲလ်ဆီးအသင်းဟာ ၂၀၂၃ခုနှစ်အတွင်းမှာ နိုင်ပွဲတစ်ပွဲသာ ရှိထားသေးတဲ့အထိကို အခြေအနေ ဆိုးရွှားနေရပြီး ဆောက်သမ်တန်လို ဇယားအောက်ဆုံးက အသင်းမျိုးကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ အရှုံးပေးခဲ့ရတာကလည်း ရုပ်ပျက်ဆင်းပျက်ပါပဲ။ ဒီလို အခြေအနေမျိုး ဖြစ်နေပေမဲ့ ချဲလ်ဆီးအသင်းရဲ့ ပိုင်ရှင်တွေ အသင်းတာဝန်ရှိသူတွေက လက်ရှိ အသင်းနည်းပြ ဂရေဟမ်ပေါ်တာကို နည်းပြရာထူးက မထုတ်ပယ်ပဲ ပေါ်တာအပေါ် ယုံကြည်မှုသာ ဆက်လက် ပေးထားနေပါတယ်။

Photo Credit : The Athletic

ဘရိုက်တန်နည်းပြဟောင်း ဂရေဟမ်ပေါ်တာဟာ ချဲလ်ဆီးနည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်နေတာ (၅)လဝန်းကျင်သာ ရှိထားသေးပြီး အဲ့ဒီ(၅)လအတွင်းမှာ ပွဲပေါင်း (၂၅)ပွဲမှာ (၉)ပွဲနိုင် (၉)ပွဲရှုံး (၇)ပွဲသရေနဲ့ နိုင်ပွဲရာခိုင်နှုန်း (၃၆)%သာ ရထားပါတယ်။ ချဲလ်ဆီးအသင်းဆိုတာကလည်း နွေဈေးကွက်တုန်းက ကစားသမား ခေါ်ယူထားတာကို မေ့ထားမယ်ဆိုရင်တော့ အခု ဆောင်းဈေးကွက်အတွင်းမှာ အန်ဇို မူဒရစ် ဂျာအိုတို့လို တကယ့် ဒိတ်ဒိတ်ကြဲ ကစားသမားကောင်းတွေကို ခေါ်ယူထားနိုင်တဲ့ အသင်း ဖြစ်နေတာကြောင့် အသင်းရဲ့ ကစားဟန်နဲ့ ရလဒ်တွေက ခုလောက်ထိ ဆိုးရွားနေတာဟာ လက်ခံနိုင်စရာ မရှိသလို ဒါဟာ အသင်းနည်းပြရဲ့ အားနည်းချက်တွေလို့ပါ ယူဆနိုင်ပါတယ်။

Photo Credit : Planet Sport

ဒီလိုမျိုးတွေ ဖြစ်နေရပေမဲ့ ချဲလ်ဆီးအသင်းရဲ့ ပိုင်ရှင်တွေကတော့ အရင်က ပိုင်ရှင် ရိုမန်လိုမျိုး ချက်ချင်း နည်းပြ အပြောင်းအလဲ လုပ်ဆောင်သွားဖွယ် မရှိပဲနဲ့ အာဆင်နယ်အသင်း နည်းပြအာတီတာကို သေချာ အချိန်ပေးခဲ့သလို ပုံစံမျိုးအတိုင်း ပေါ်တာကို ဆက်လက် အချိန်ပေးသွားဖို့သာ ရှိနေပါတယ်။ အခုလက်ရှိမှာကလည်း ဘောလုံးရာသီတစ်ခု ပြီးဆုံးသွားဖို့ အချိန်ကာလက သိပ်မကျန်တော့တာကြောင့် ဒီလိုအချိန်အတွင်းမှာပဲ နည်းပြ အပြောင်းအလဲ လုပ်ဆောင်တဲ့အခါ အသင်းအတွက် ပိုပြီး ဆိုးကျိုးတွေ ဖြစ်လာနိုင်တာကြောင့် လက်ရှိ အသင်းနည်းပြ ပေါ်တာကိုသာ အသေအချာလေး အချိန်ပေးသွားဖို့ ဆုံးဖြတ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

ဒါပေမဲ့ ချဲလ်ဆီးအသင်း ပရိသတ်တွေကတော့ သူတို့နည်းပြအပေါ်မှာ သည်းခံနိုင်စွမ်းတွေ ကုန်ဆုံးနေပြီဖြစ်လို့ နည်းပြ အပြောင်းအလဲ လုပ်ဆောင်ပေးဖို့ အသင်းကို တောင်းဆိုလျက် ရှိနေသလို နည်းပြဟောင်း သောမတ်စ်တူဟယ်လ်ကိုသာ အသင်းနည်းပြအဖြစ် ပြန်လည် တာဝန်ပေးသွားဖို့ပါ တိုက်တွန်း တောင်းဆိုထားကြပါတယ်။