ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ လက်ရှိနည်းပြ ပိုချက်တီနိုနဲ့ လမ်းခွဲဖြစ်မယ် ဆိုရင် စပို့တင်း လစ္စဘွန်း နည်းပြချုပ် (သို့) ဘရိုက်တန်နည်းပြချုပ် ဒီဇာဘီကို ခေါ်ယူဖို့ စဉ်းစားထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Guardianက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၅၂နှစ် အရွယ် အာဂျင်တီးနားလူမျိုး ထိပ်တန်းနည်းပြ ပိုချက်တီနိုက ယခုနှစ် ဘောလုံးရာသီ အစကမှ ချယ်လ်ဆီးကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးက သူ့ကို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Guardian

ပိုချက်တီနိုက ထိပ်တန်းနည်းပြ တဦး ဖြစ်ပေမယ့် သူ့ရဲ့ လက်အောက်မှာ ချယ်လ်ဆီးရဲ့ ရလဒ်ပိုင်းက အတော်လေး ဆိုးရွားနေသလို ကစားပုံကလည်း အားရစရာ မကောင်းပါဘူး။ ဒါ့အပြင် ပိုချက်တီနိုက ရာသီဝက် ကျော်လာတဲ့ အထိ ချယ်လ်ဆီးနဲ့ လိုက်ဖက်တဲ့ ကစားကွက် တခုကိုလည်း မချမှတ်နိုင်သေးပါဘူး။

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ရာသီကုန်ချိန်မှာသာ ဥရောပဝင်ခွင့် မရခဲ့ရင် နည်းပြချုပ် ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူ တချို့ကလည်း အသင်းနဲ့ ကိုက်ညီမယ့် နည်းပြသစ်ကို လိုက်လံ ရှာဖွေနေပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Guardianရဲ့ အဆိုအရ ချယ်လ်ဆီးရဲ့ ပိုင်ရှင် တဦး ဖြစ်သူ တော့ပ် ဘိုလေက လူငယ်တွေကို အခြေခံကာ အသင်းကို တည်ဆောက်ချင်နေတာကြောင့် ပိုချက်တီနိုကို ထုတ်ပယ်ဖြစ်ခဲ့ရင် လူငယ်ကြယ်ပွင့်တွေကို မွေးထုတ်ပေးနိုင်သလို နည်းစနစ်လည်း ကောင်းမွန်တဲ့ လူငယ်နည်းပြ တဦးကို ခေါ်ယူဖို ဆုံးဖြတ်ထားပြီး ချယ်လ်ဆီးရဲ့ ဦးစားပေးနည်းပြတွေဟာ စပို့တင်းနည်းပြ အမိုရင်နဲ့ ဘရိုက်တန်နည်းပြ ဒီဇာဘီတို့ ဖြစ်ကြောင်း သိရှိရပါတယ်။

လတ်တလောမှာ ချယ်လ်ဆီးအပြင် ဘာစီလိုနာ ၊ လီဗာပူး ၊ မန်ချက်စတာ ယူနိုက်တက် ၊ ဘိုင်ယန်မြူးနစ် စတဲ့ ဥရောပ ထိပ်သီးကလပ်တွေကလည်း ဒီဇာဘီနဲ့ အမိုရင်တို့အပေါ် စိတ်ဝင်စားမှုတွေ ရှိနေတာကြောင့် ချယ်လ်ဆီးက အမိုရင်နဲ့ ဒီဇာဘီတို့ကို လိုချင်ရင် ခပ်သွက်သွက် လှုပ်ရှားဖို့ လိုအပ်နေပြီး ဒီဇာဘီရဲ့ စာချုပ်ဖျက်သိမ်းကြေးကတော့ ပေါင် ၈.၅သန်း ရှိပါတယ်။