သိပ်မကြာခင်မှာပဲ ချယ်လ်ဆီးအသင်းဆီကို ရာသီကုန် အငှားစာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာတော့မယ့် ကစားသမားသစ် ဂျာအိုဖေးလစ်ဟာ လက်ရှိ ချယ်လ်ဆီးကစားသမားတွေထဲမှာ ရာဟင်းစတာလင် ကိုင်ဟာဗက်ဇ်နဲ့ ကာလီဒိုကူလီဘလီတို့အပြီး အသင်းရဲ့ စတုတ္ထမြောက် လစာအများဆုံး ကစားသမား ဖြစ်လာတော့မယ်လို့ သိရပါတယ်။

Photo Credit : BeSoccer

ချယ်လ်ဆီးအသင်းဟာ အခုနှစ် နွေဈေးကွက်ထဲမှာ mega signing တွေအဖြစ် စတာလင် ကူလီဘလီ ဖိုဖာနာ ကူကူရယ်လာနဲ့ အူဘာမီယန်းတို့ကို ခေါ်ယူထားခဲ့ပြီး အခု ဆောင်းဈေးကွက်ထဲမှာလည်း ပေါ်တူဂီကြယ်ပွင့် ဂျာအိုဖေးလစ်ကိုပါ ခေါ်ယူသွားနိုင်တော့မှာ ဖြစ်ပါတယ်။ နွေတုန်းက ချယ်လ်ဆီးအသင်း ခေါ်ယူထားခဲ့တဲ့ ထိပ်တန်း ကစားသမားတွေက အသင်းရဲ့ လစာအများဆုံးစာရင်းမှာ ထိပ်ပိုင်းနေရာကနေ ပါဝင်ထားကြပြီး မန်စီးတီးကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန် တောင်ပံကစားသမား စတာလင်ကတော့ တစ်ပတ်လုပ်ခ ပေါင်(၃၂၅၀၀၀) တစ်နှစ်လုပ်ခ ပေါင်(၁၆.၉)သန်းနဲ့ လက်ရှိ အသင်းရဲ့ လစာအမြင့်ဆုံး ကစားသမားပါ ဖြစ်နေရပါတယ်။

Photo Credit : Sky Sports

စတာလင်ရဲ့နောက်မှာတော့ ဂျာမနီကြယ်ပွင့် ကစားသမားလေး ဟာဗက်ဇ်က တစ်ပတ်လုပ်ခ ပေါင်(၃၁၀၀၀၀)နဲ့ ဒုတိယ နောက်ထပ် ကစားသမားဖြစ်သူ ခံစစ်မှူးကြီး ကူလီဘလီက တစ်ပတ်လုပ်ခ ပေါင်(၂၉၅၀၀၀)နဲ့ တတိယနေရာမှာ ရှိနေပြီး အသင်းရဲ့ ကစားသမားသစ် ဖြစ်လာတော့မဲ့ ဖေးလစ်ကတော့ ချယ်လ်ဆီးမှာ တစ်ပတ်ကို ပေါင်(၂၅၀၀၀၀) ရရှိသွားမှာဖြစ်လို့ အသင်းရဲ့ စတုတ္ထမြောက် လစာအများဆုံးအဖြစ် ရီးစ်ဂျိမ်းစ်နဲ့အတူ ပူးတွဲ ရပ်တည်ရတော့မှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ အပြိုင်လိုက်နေတဲ့ အသက်လက်တီကို တိုက်စစ်ကစားသမား ဖေးလစ်ကို ချယ်လ်ဆီးအသင်းက ကြားဖြတ် ကမ်းလှမ်းခဲ့ရာမှာ အငှားခေါ်ယူခွင့် ပေါင်(၁၀)သန်းဝန်းကျင်လောက်နဲ့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။ ချယ်လ်ဆီးက ဖေးလစ်ကို အငှားနဲ့ ခေါ်ယူရာမှာ ကစားသမားရဲ့့ လစာကိုပါ ရာနှုန်းပြည့် ပေးချေသွားဖို့ပါ သဘောတူညီခဲ့ပေမဲ့ အငှားစာချုပ်ပြည့်ချိန်မှာ သတ်မှတ်ထားတဲ့ တန်ကြေးတစ်ရပ်ရပ်နဲ့ အပြီးသတ် ခေါ်ယူခွင့်တော့ မပါဝင်ဘူးလို့ သိရပါတယ်။ ချယ်လ်ဆီးဟာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် လိုက်ပ်ဇစ်ရဲ့ ပြင်သစ်တိုက်စစ်ကစားသမား အန်ကွန်ကူကို ခေါ်ယူဖို့ အကြိုသဘောတူညီချက် ရရှိထားတာဖြစ်လို့ ဖေးလစ်ကို ကာလတိုနဲ့သာ ခေါ်ယူထားချင်တာပဲ ဖြစ်ပါတယ်။