ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက သူတို့အသင်း ကြုံတွေ့နေရတဲ့ ဘဏ္ဍာစည်းမျဉ်း ချိုးဖောက်မှု ပြဿနာကို ဖြေရှင်းနိုင်ဖို့ အတွက် အသင်းရဲ့ စီနီယာ ကစားသမားတွေ ဖြစ်ကြတဲ့ ဂါလက်ချာ ၊ ဘရိုဂျာ ၊ ချာလိုဘက်နဲ့ ကူကူရယ်လာတို့ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ချယ်လ်ဆီးက အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီးနောက် ပူးတွဲပိုင်ရှင် တော့ပ် ဘိုလေရဲ့ ဦးဆောင်မှုနဲ့ ပေါင် ၁ဘီလီယံကျော် အသုံးပြုကာ ကစားသမားသစ်တွေ ခေါ်ယူခဲ့ပေမယ့် ကွင်းတွင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ခြင်း မရှိသလို တန်ကြေးမြင့် စပွန်ဆာစာချုပ်တွေလည်း မရသေးတာကြောင့် ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုနဲ့ အရေးယူခံရနိုင်မယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit: Standard

ချယ်လ်ဆီးက ၂နှစ်ကျော် ကာလအတွင်းမှာ ပေါင် ၁ဘီလီယံ ဝန်းကျင် အထိ အသုံးပြုခဲ့ပေမယ့် တဖက်မှာ ဝင်ငွေများစွာ မရှာနိုင်ခဲ့တာကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့ ဝင်ငွေ ၊ ထွက်ငွေ မျှတရမယ် ဆိုတဲ့ စည်းမျဉ်းနဲ့ ငြိစွန်းနေပြီး ယခုနှစ် ဇူလိုင်လ မရောက်ခင် အဆိုပါပြဿနာကို မဖြေရှင်းနိုင်ရင် ဘဏ္ဍာရေးစည်းမျဉ်းနဲ့ အရေးယူခံရဖို့ ရှိနေပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးက ဝင်ငွေ ၊ ထွက်ငွေ မျှတရမယ် ဆိုတဲ့ စည်းမျဉ်းနဲ့ ကိုက်ညီအောင် အသင်းရဲ့ ကစားသမား အများအပြားကို ရောင်းထုတ်ကာ ဝင်ငွေ ရှာဖွေဖို့ ဆုံးဖြတ်ထားပြီး ကစားသမား ရောင်းချရာမှာလည်း ငွေကြေး တပြားတချပ်မှ မကုန်ပဲ ခေါ်ယူထားတဲ့ အကယ်ဒမီထွက် ကစားသမားတွေကို ဦးစွာ ရောင်းချကာ အမြတ်ငွေ များများ ရှာဖွေဖို့ စဉ်းစားထားပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph Footballရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဘဏ္ဍာရေးစည်းမျဉ်းနဲ့ မငြိစွန်းစေရန် အတွက် အကယ်ဒမီထွက် ကစားသမားတွေ ဖြစ်တဲ့ ဂါလက်ချာ ၊ ဘရိုဂျာနဲ့ ချာလိုဘက်တို့ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားသလို ဘယ်နောက်ခံလူ ကူကူရယ်လာကိုပါ ရတဲ့ဈေးနဲ့ ရောင်းချဖို့ စဉ်းစားထားပြီး ချယ်လ်ဆီးဟာ အဆိုပါ ကစားသမား ၄ဦးကို ဇူလိုင်လ မရောက်ခင်မှာပဲ ရောင်းချဖို့ ကြိုးစားမယ်လို့ သိရှိရပါတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးရဲ့ မြို့ခံပြိုင်ဘက်တွေ ဖြစ်ကြတဲ့ အာဆင်နယ်နဲ့ စပါးတို့က ဂါလက်ချာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဘရိုက်တန်က သူတို့ရဲ့ ကစားသမားဟောင်း ကူကူရယ်လာကို ပြန်လည် ခေါ်ယူချင်နေသလို ဝက်စ်ဟမ်း ၊ ဖူလ်ဟမ် ၊ ပဲလေ့စ် စတဲ့ ပရီးမီးယားလိဂ်ရဲ့ အလယ်အလတ် ကလပ်တွေက ဘရိုဂျာနဲ့ ချာလိုဘက်တို့ကို စိတ်ဝင်စားနေကြပါတယ်။