ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား နီကိုလပ်စ် ဂျက်ဆင်က အသင်းကနေ ထွက်ခွာလိုကြောင်း အသိပေးလာပြီးနောက် ချယ်လ်ဆီးအသင်းဟာ ဆီနီဂေါတိုက်စစ်မှူးအတွက် မူလသတ်မှတ်ထားတဲ့ တန်ဖိုးထက် လျှော့ပေါ့ပေးလိုက်ပြီဖြစ်ပြီး နယူးကာဆယ်အသင်းကလည်း ဂျက်ဆင်ကို စိတ်ဝင်စားနေပါတယ်။

နီကိုလပ်စ် ဂျက်ဆင်က စတမ်းဖို့ဒ်ဘရစ်ချ်မှာ နှစ်ရာသီကြာ ကစားပြီးနောက် အသင်းကနေ ထွက်ခွာချင်ကြောင်း ပြောကြားခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဟာ သူ့အတွက် ပေါင်သန်း(၅၀)ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားဖို့ အသင့်ဖြစ်နေပါပြီ။ ဂျက်ဆင်ဟာ ဗီလာရီးယဲလ်အသင်းကနေ ပြောင်းရွှေ့လာခဲ့ချိန်ကတည်းက အသင်းရဲ့ အဓိကတိုက်စစ်မှူးအဖြစ် တိုက်စစ်ကို ဦးဆောင်ခဲ့သူဖြစ်ပေမယ့် ဒီနွေရာသီမှာတော့ အသင်းက တိုက်စစ်မှူးအသစ်နှစ်ဦးကို ခေါ်ယူခဲ့ပါတယ်။ နည်းပြအန်ဇို မာရက်စကာအတွက် အသင်းက လီယမ် ဒီလပ် နဲ့ ဂျာအို ပက်ဒရိုတို့ကို ပေါင်သန်း(၁၀၀)နီးပါး အကုန်အကျခံကာ ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးအသင်း ကလပ်ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့ရာမှာ တိုက်စစ်မှူးသစ်နှစ်ဦးလုံး ပါဝင်ခဲ့ပြီး နွေရာသီတစ်လျှောက်မှာ ဂျက်ဆင်ဟာ နည်းပြရဲ့အရေးပေးမှုကို မရတော့ဘူးဆိုတာ ထင်ရှားလာပါတယ်။ သောကြာနေ့က လေဗာကူဆင်နဲ့ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာလည်း ဂျက်ဆင်ကို အသင်းသစ်ရှာဖွေဖို့ သဘောတူညီမှုရခဲ့တာကြောင့် ချန်လှပ်ထားခဲ့ပါတယ်။

အစောပိုင်းမှာ လန်ဒန်အနောက်ပိုင်းကလပ်ဟာ သူတို့ရဲ့တိုက်စစ်မှူးအတွက် ပေါင်သန်း(၈၀)ဝန်းကျင်အထိ လိုချင်ခဲ့တယ်လို့ သိရပေမယ့် အခုတော့ အဲ့ဒီသဘောထားက ပြောင်းလဲသွားခဲ့ပါပြီ။ The Times သတင်းစာရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးဟာ နိုနီ မာဒူကေးကို ရောင်းချခဲ့စဉ်က ရရှိခဲ့တဲ့ ပြောင်းရွှေ့ကြေး ပေါင်(၅၂)သန်းနဲ့ ဆင်တူတဲ့ ပမာဏကိုပဲ လိုချင်တော့တယ်လို့ ဆိုပါတယ်။ ဒါဟာ မူလသတ်မှတ်ဈေးထက် သိသိသာသာ ကျဆင်းသွားတာဖြစ်ပြီး လက်ရှိမှာ ဂျက်ဆင်ကို နယူးကာဆယ်နဲ့ စပါးတို့လို အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

Photo Credit : Goal

ဂျက်ဆင်ဟာ ချယ်လ်ဆီးနဲ့ ကစားခဲ့တဲ့ ရာသီနှစ်ခုအတွင်း ဂိုး(၃၀)အထိ သွင်းယူနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် နောက်ဆုံး(၁၅)ပွဲမှာတော့ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းကျဆင်းမှုတွေ ရှိနေပေမယ့်လည်း ပြီးခဲ့တဲ့ စက်တင်ဘာလကမှ ချယ်လ်ဆီးအသင်းနဲ့ ၂၀၃၃ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့ပါသေးတယ်။ သူဟာ ချယ်လ်ဆီးရဲ့ ကလပ်ကမ္ဘာ့ဖလား အုပ်စုပွဲစဉ် ဖလာမင်ဂိုနဲ့ပွဲမှာ အနီကတ်ပြသခံခဲ့ရပြီး အဲ့ဒီနောက်ပိုင်း အသင်းအတွက် ပါဝင်ကစားခွင့် မရတော့ပါဘူး။

နည်းပြ မာရက်စကာကလည်း ဒီတစ်ပတ်အတွင်း ဂျက်ဆင်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ တိကျတဲ့အဖြေမပေးခဲ့တာကြောင့် သူဟာ အီတလီလူမျိုးနည်းပြရဲ့ အဓိက ကစားသမားတစ်ဦး မဟုတ်တော့ဘူးဆိုတဲ့ သတင်းတွေကို ပိုမိုအားကောင်းစေခဲ့ပါတယ်။ သူက “ပြောင်းရွှေ့ဈေးကွက် ဖွင့်နေချိန်မှာတော့ ကံဆိုးလို့ပဲဖြစ်ဖြစ် ကံကောင်းလို့ပဲဖြစ်ဖြစ် ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ဒါက နီကိုရဲ့ အခြေအနေနဲ့လည်း သက်ဆိုင်ပါတယ်။ လက်ရှိမှာ ကျွန်တော်တို့ဆီ တိုက်စစ်မှူးအသစ်နှစ်ယောက် (ဂျာအို ပက်ဒရို နဲ့ လီယမ် ဒီလပ်) လည်း ရောက်နှင့်နေပြီလေ။ ဒါကြောင့် ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးဟာ လိုက်ပ်ဇစ်က ဇာဗီ ဆိုင်မွန်စ် နဲ့ မန်ယူနိုက်တက်က အလက်ဟန်ဒရို ဂါနာချိုတို့ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။