ချယ်လ်ဆီးအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ကစားသမားသစ်တွေကို စာရင်းသွင်းနိုင်ဖို့ လက်ရှိကစားသမားတွေကို ရောင်းချခြင်းဖြင့် ပေါင်သန်း(၆၀)ကျော် ရှာဖွေရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ နွေရာသီမှာ ငွေသုံးကြမ်းပြီး ကစားသမား အများအပြား ခေါ်ယူထားတာကြောင့် UEFA ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့အညီ ချိန်ခွင်လျှာညှိဖို့ လိုအပ်လာတာဖြစ်ပါတယ်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ငွေကြေးအမြောက်အများ ရရှိခဲ့ပေမယ့်လည်း အဲဒီငွေတွေက ချန်ပီယံလိဂ် ကစားသမားစာရင်းသွင်းတဲ့နေရာမှာ သုံးလို့မရတာကြောင့် ချယ်လ်ဆီးအသင်းဟာ အခုချိန်မှာ အသင်းရဲ့နာမည်ကြီးကစားသမားတချို့ကို ရောင်းထုတ်ပြီးမှသာ နွေရာသီမှာ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကို ဥရောပပြိုင်ပွဲမှာ ထည့်သုံးနိုင်မှာ ဖြစ်ပါတယ်။
Photo Credit : Goal
ပြီးခဲ့တဲ့အပတ်က စံချိန်တင်ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ ချယ်လ်ဆီးအသင်းဟာ UEFA ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် လုပ်ဆောင်ဖို့ ဖိအားပေးခံနေရပါတယ်။ ကလပ်ကမ္ဘာ့ဖလားကနေ ပေါင်သန်း(၆၀)နီးပါး ရခဲ့ပေမယ့် အဲဒီငွေကြေးကို ချန်ပီယံလိဂ်ကစားသမား စာရင်းသွင်းတဲ့ ဘတ်ဂျက်ထဲမှာ ထည့်သွင်းတွက်ချက်လို့ မရပါဘူး။ The Times သတင်းစာရဲ့ ဖော်ပြချက်အရ UEFA ရဲ့ ‘List A’ စည်းမျဉ်းအရ အသင်းတစ်သင်းဟာ ကစားသမားသစ်တွေ စာရင်းသွင်းမယ်ဆိုရင် သူတို့ကို ခေါ်ယူထားတဲ့ ကုန်ကျစရိတ်ကို လက်ရှိကစားသမားတွေ ရောင်းချလို့ရတဲ့ဝင်ငွေနဲ့ ကာမိဖို့ လိုအပ်ပါတယ်။
အခုအခြေအနေအတိုင်းဆိုရင် ချယ်လ်ဆီးက နွေရာသီမှာ ခေါ်ယူထားတဲ့ လီယမ် ဒီလပ်ပ်၊ ဂျာအို ပက်ဒရို၊ ဂျေမီ ဂစ်တင်စ်၊ အက်စ်တီဗာအို ဝီလီယံ၊ ဒါရီယို အက်ဆူဂိုနဲ့ မာမာဒူ ဆားတို့ဟာ ချန်ပီယံလိဂ်မှာ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အရင်ကတည်းက စာရင်းမသွင်းရသေးတဲ့ ရိုမီယို လာဗီယာနဲ့ ဝက်စ်လီ ဖိုဖာနာတို့လို ကစားသမားတွေလည်း ရှိနေတာကြောင့် ချယ်လ်ဆီးရဲ့ စာရင်းဇယားက ပြည့်လုနီးပါးဖြစ်နေပါပြီ။ ဒါကြောင့် ကစားသမားသစ်တွေ မှတ်ပုံတင်နိုင်ဖို့အတွက် လက်ရှိကစားသမားတွေကို အပြီးသတ်ရောင်းချမှသာ လိုအပ်တဲ့ငွေကြေးကို ရရှိမှာ ဖြစ်ပါတယ်။
Photo Credit : Goal
UEFA စည်းမျဉ်းအရ ကစားသမားတစ်ဦးချင်းစီအတွက် မှတ်ပုံတင်ကုန်ကျစရိတ်ကို သူတို့ရဲ့လစာနဲ့ ပြောင်းရွှေ့ကြေးကို ခွဲခြမ်းစိတ်ဖြာပြီး တွက်ချက်ပါတယ်။ ပြောင်းရွှေ့ကြေးကိုတော့ အများဆုံး (၅)နှစ်စာချုပ်သက်တမ်းနဲ့ပဲ တွက်ချက်ခွင့်ရှိပါတယ်။ ဥပမာအားဖြင့် ပေါင်သန်း(၃၀)တန် ဒီလပ်ပ်အတွက်ဆိုရင် မှတ်ပုံတင်တဲ့အခါမှာ လာမယ့် (၅)နှစ်အတွက် တစ်နှစ်ကို ပေါင်(၆)သန်း ကုန်ကျစရိတ်အဖြစ် ထည့်သွင်းတွက်ချက်မှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးရဲ့ လက်ရှိအပြောင်းအရွှေ့လုပ်ဆောင်မှုတွေအရ သတ်မှတ်ထားတဲ့ ငွေပမာဏထက် အများကြီး ကျော်လွန်နေတာကြောင့် ကစားသမားရောင်းချဖို့ဆိုတာက ရွေးချယ်စရာတစ်ခုမဟုတ်ဘဲ မဖြစ်မနေလုပ်ရမယ့်ကိစ္စ ဖြစ်လာပါတယ်။
ဒီအခြေအနေကို ဖြေရှင်းဖို့အတွက် ချဲလ်ဆီးဟာ ဂျာအို ဖီးလစ်၊ ရာဟင်း စတာလင်နဲ့ ခရစ္စတိုဖာ အန်ကွန်ကူတို့လို ကစားသမားတွေကို ရောင်းချဖို့ စဉ်းစားလာနိုင်ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းက စိတ်ဝင်စားနေတဲ့ နိုနီအတွက်လည်း ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားဖွယ် ရှိနေပါတယ်။ UEFA က ကစားသမားစာရင်းတင်သွင်းဖို့အတွက် နောက်ဆုံးသတ်မှတ်ထားတဲ့ စက်တင်ဘာလ(၂)ရက်နေ့ နီးကပ်လာတာနဲ့အမျှ ချယ်လ်ဆီးအတွက် အဓိကဦးစားပေးက ကစားသမားသစ်တွေ ခေါ်ယူရေးမဟုတ်တော့ဘဲ လက်ရှိကစားသမားတွေကို အမြန်ဆုံးရောင်းချရေးပဲ ဖြစ်လာခဲ့ပါပြီ။