ချယ်လ်ဆီးအသင်းကတော့ တိုက်စစ်ပိုင်းအတွက် ထိပ်တန်း တိုက်စစ်မှူးတွေကို ချိန်ရွယ်လျက် ရှိနေရာ နာပိုလီရဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး ဗစ်တာ အိုဆီမန်အပြင် ဘရိုက်တန်အသင်းရဲ့ အိုင်ယာလန် တိုက်စစ်မှူးလေး အီဗန် ဖာဂူဆန်လည်း ပါဝင်နေတယ်လို့ Evening Standard ကနေ ဖော်ပြလာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက ပိုင်ရှင်သစ် တော့ဒ်ဘိုလီလက်ထက် အပြောင်းအရွှေ့ ဈေးကွက်တွေအတွင်း ကစားသမားသစ် ခေါ်ယူမှုတွေအတွက် ပေါင် တစ်ဘီလီယံကျော်လောက်အထိ အသုံးပြုခဲ့ပြီး ပေါင် သန်းတစ်ရာကျော်တန် အပြောင်းအရွှေ့တွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

Photo Credit : Sporting News

ချယ်လ်ဆီးက ကွင်းလယ်ပိုင်းအတွက် အန်ဇို ဖာနန်ဒက်ဇ် နဲ့ မွိုက်စ် ကိုင်စီဒိုတို့အတွက် ပြောင်းရွှေ့ကြေး ယူရို သန်းတစ်ရာကျော်တဲ့အထိ အသုံးပြုခဲ့ပြီး လာမယ့်နွေမှာလည်း တိုက်စစ်ပိုင်းအတွက်ကို နောက်ထပ် သန်းရာချီ အသုံးပြုသွားဖို့ အစီအစဉ် ရှိနေပြန်ပါတယ်။

အဲ့ဒီအတွက် ချယ်လ်ဆီးဟာ နာပိုလီ တိုက်စစ်မှူး အိုဆီမန်ကို အဓိက ပစ်မှတ်ထားလျက် ရှိနေတဲ့အပြင် ချယ်လ်ဆီးအတွက် ကစားသမားတွေ ထုတ်လုပ်ပေးနေတဲ့ ဘရိုက်တန်အသင်းရဲ့ အသက် (၁၉)နှစ်အရွယ် တိုက်စစ်မှူး အီဗန် ဖာဂူဆန်ကိုလည်း ချယ်လ်ဆီးက ရေရှည်စီမံကိန်းအဖြစ် ပစ်မှတ်ထားလို့နေပါတယ်။

Photo Credit : TEAMtalk

ချယ်လ်ဆီးဟာ ဘရိုက်တန်ကနေ ကူကူရယ်လာ ကိုင်စီဒို ရောဘတ်ဆန်းချက်ဇ်တို့ကို ခေါ်ယူခဲ့ဖူးသလို နည်းပြ ဂရေဟမ် ပေါ်တာကိုပါ ခေါ်ယူခဲ့ပြီး အခုလည်း အီဗန် ဖာဂူဆန်ကိုပါ ချိန်ရွယ်နေပြန်ပါတယ်။ ဘရိုက်တန်ကတော့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားကို ပေါင် သန်း(၁၀၀)ထိ သတ်မှတ်လို့ထားပြီး အီဗန် ဖာဂူဆန်ကိုလည်း မန်ချက်စတာ နှစ်သင်းလုံးက အပြိုင် စိတ်ဝင်စားနေကြပါတယ်။

အီဗန် ဖာဂူဆန်ဟာ မနှစ်က ဘောလုံးရာသီကမှ ဘရိုက်တန်အသင်းအတွက် စတင် ကစားပေးခွင့် ရရှိရင်း ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပြီး အရည်အသွေးမြင့် လူငယ် ကစားသမားလေးဖြစ်လို့ သူ့ကို ထိပ်သီး ကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေကြသလို လူငယ် ကစားသမားတွေကိုပဲ ဦးစားပေး ခေါ်ယူတက်တဲ့ ချယ်လ်ဆီးကလည်း အီဗန် ဖာဂူဆန်ကို အလိုရှိနေပါတယ်။