မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမားလေး အလီဟန်ဒရို ဂါနာချိုကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းက ထိပ်ဆုံးနေရာကနေ ရေပန်းစားနေပေမယ့်လည်း ယူနိုက်တက်ရဲ့ တန်ဖိုးသတ်မှတ်ချက်ကို ပေးချေဖို့ ဆန္ဒမရှိတာကြောင့် အဆိုပါအပြောင်းအရွှေ့မှာ အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ အာဂျင်တီးနားတောင်ပံကစားသမားအတွက် ပေါင် သန်း(၅၀) အလိုရှိနေပြီး ဒါဟာ ဇန်နဝါရီလက တောင်းဆိုခဲ့တဲ့ ဈေးနှုန်းထက် လျှော့ချထားပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းကတော့ ဒီဈေးနှုန်းကို ပေးချေဖို့ အဆင်သင့်မဖြစ်သေးပါဘူး။

Photo Credit : Football London

The Mail သတင်းစာရဲ့ ဖော်ပြချက်အရ ဂါနာချိုအတွက် ချယ်လ်ဆီးရဲ့ တန်ဖိုးဖြတ်မှုက ပေါင် (၂၅)သန်းနဲ့ (၃၅)သန်းကြားမှာသာ ရှိနေပါတယ်။ ချယ်လ်ဆီးဟာ ဂါနာချိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီးဖြစ်ကာ ကစားသမားကိုယ်တိုင်ကလည်း တခြားကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ငြင်းပယ်ထားတာကြောင့် ဒါက ယူနိုက်တက်နဲ့ ညှိနှိုင်းရာမှာ ချယ်လ်ဆီးအတွက် အားသာချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

The Times သတင်းအရ ယူနိုက်တက်ဟာ သူတို့ရဲ့ ပေါင် သန်း(၅၀)တန်ကြေးကို အကျိုးသင့်အကြောင်းသင့်ရှိကြောင်း ပြသဖို့အတွက် ချယ်လ်ဆီးအသင်းကိုယ်တိုင်က နိုနီ မာဒူအက်ကေးကို အာဆင်နယ်ထံ ပေါင် (၄၈)သန်းနဲ့ ရောင်းချခဲ့တဲ့ အပြောင်းအရွှေ့ကို ညွှန်းဆိုပြောကြားခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Football London

ဂါနာချိုဟာ လာမယ့်တနင်္လာနေ့ အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ယူနိုက်တက် ရောင်းထုတ်ချင်နေတဲ့ တစ်ဦးတည်းသော ကစားသမားတော့ မဟုတ်ပါဘူး။ တိုက်စစ်မှူး ရက်စ်မက်စ် ဟွိုင်းလန်းကလည်း နာပိုလီအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။ အန်တိုနီရဲ့ ရီးယဲလ် ဘက်တစ်အသင်းထံ ပြောင်းရွှေ့မှုကလည်း ဖြစ်နိုင်ခြေရှိနေဆဲဖြစ်ပြီး ဂျေဒန် ဆန်ချိုနဲ့ တိုင်ရယ် မာလာစီယာတို့ကတော့ အသင်းအတွက် ပိုလျှံနေသူတွေ ဖြစ်ပေမယ့် ဝယ်လက်ရှာရ ခက်ခဲနေပါတယ်။

ရာသီအဖွင့်နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတဲ့ ယူနိုက်တက်အသင်းဟာ ဒီကနေ့ (ဗုဒ္ဓဟူးနေ့) မှာ ကာရာဘောင်းဖလားပွဲစဉ်အဖြစ် ဂရင်းစဘီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဒီရာသီရဲ့ ပထမဆုံးနိုင်ပွဲကို ရယူဖို့ ပစ်မှတ်ထားနေပါတယ်။ နည်းပြ ရူဘင် အမိုရင်က ဖလားပွဲအတွက် ကစားသမားတွေကို အလှည့်ကျအသုံးပြုမလားဆိုတဲ့ မေးခွန်းကို “ဟုတ်ပါတယ်။ ဒီတစ်ပတ်မှာ သုံးပွဲကစားရမှာဆိုတော့ အရည်အသွေးရှိတဲ့ ကစားသမားတွေ ရှိနေပြီး ပွဲတိုင်းကိုအနိုင်ရဖို့အတွက် ကစားသမားတွေကို အလှည့်ကျသုံးစွဲဖို့ လိုအပ်ပါတယ်။” လို့ ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် သူက အသင်းပြောင်းဖို့ သတင်းကြီးနေတဲ့ ဟွိုင်းလန်းကိုတောင် ဒီပွဲမှာ ထည့်သွင်းအသုံးပြုနိုင်ကြောင်း “ကစားသမားအားလုံးက ပွဲကစားဖို့ အသင့်ပါပဲ။ ပွဲတိုင်းကိုအနိုင်ရဖို့ အကောင်းဆုံး ပွဲထွက်လူစာရင်းကို ကျွန်တော်တို့ ရွေးချယ်သွားမှာပါ။” လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။