ဒူအန်ဝတ်စပါရစ်ချက်စ်လို့ အမည်ရတဲ့ ဂျမေကာ ဆယ်ကျော်သက် လူငယ်ကစားသမားလေးဟာ နယူးကာဆယ်အသင်းနဲ့ (၂)ပတ်ခန့် ခြေစွမ်းပိုင်း စမ်းသပ်ခံယူခဲ့ပြီးတဲ့နောက်မှာ နယူးကာဆယ်နဲ့ လက်မတွဲခင် ချဲလ်ဆီးအသင်းဆီကို ပြောင်းရွှေ့ဖို့အတွက် အကြို သဘောတူညီမှု ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

 

Photo Credit : Loop Jamaica

အသက်(၁၇)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဂျမေကာ လူငယ် တိုက်စစ်ကစားသမားလေး ရစ်ချက်စ်ဟာ ပြီးခဲ့တဲ့လကတည်းက နယူးကာဆယ်အသင်းနဲ့ ခြေစွမ်းပိုင်း အစမ်းသပ်ခံယူမှုတွေ လုပ်ဆောင်နေခဲ့တာဖြစ်ပြီး စိန့်စ်ဂျိမ်းပတ်ခ်မှာ နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းတို့ ကစားသွားခဲ့တဲ့ ပွဲစဉ်ကို တတ်ရောက် ကြည့်ရှုခဲ့သလို နယူးကာဆယ် ယူ-၂၁အသင်းရဲ့ ပွဲစဉ်ကိုလည်း ကြည့်ရှုဖြစ်ခဲ့ပါတယ်။ ဒီလို အခြေအနေမှာ ရစ်ချက်စ်က သူ့ကို နယူးကာဆယ်ထံကနေ ကမ်းလှမ်းမှု ရှိလာလိမ့်မယ်လို့ ယုံကြည်မိကြောင်း Chronicle Live နဲ့ ြ့ပုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Chronicle Live

နယူးကာဆယ် ယူ-၂၁အသင်းနည်းပြကလည်း သူ့အနေနဲ့ နယူးကာဆယ်အသင်းဘက်က ရစ်ချက်စ်ကို အသင်းဆီ ခေါ်ဆောင်ဖို့ စောင့်ဆိုင်းနေကြောင်း ပြောဆိုခဲ့ပေမယ့် နယူးကာဆယ်က အပြောင်းအရွှေ့ အပြီးသတ်ဖို့ တုံ့ဆိုင်းနေချိန်မှာ ချဲလ်ဆီးဘက်က ကြားဖြတ် ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ Phoenix All Stars Football Academy တည်ထောင်သူ ခရစ်ချ်ဘတ်တလာကလည်း သူတို့အကယ်ဒမီက ကစားသမားလေး ရစ်ချက်စ်ကို ချဲလ်ဆီးအသင်းကနေ ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရရှိသွားခဲ့ကြောင်းနဲ့ သူတို့ကစားသမားလေးက ပရီးမီးယားလိဂ်မှာပါ ကစားရတော့မှာဖြစ်ကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : Youtube

ဂျမေကာ လူငယ် ကစားသမားလေး ရစ်ချက်စ်ဟာ အခုဆိုရင် ဂျမေကာ လက်ရွေးစင်အသင်းအတွက်ကိုပါ ရွေးချယ်ခံထားရတာဖြစ်ပြီး ထရီနီဒက်နဲ့ ရင်ဆိုင်ရမယ့် နိုင်ငံတကာ ခြေစမ်းပွဲစဉ်အတွင်း ပါဝင်ကစားရဖို့လည်း ရှိနေပါတယ်။ ရစ်ချက်စ်ဟာ လာမယ့် ၂၀၂၄ခုနှစ် နိုဝင်ဘာလထဲမှာ အသက်(၁၈)နှစ် ပြည့်မြောက်မှာဖြစ်လို့ အဲ့ဒီအချိန်မှသာ ချဲလ်ဆီးအသင်းနဲ့ ပူးပေါင်းခွင့် စတင် ရရှိလိမ့်မယ်လို့လည်း သိရှိရပါတယ်။