ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ စပါးတို့က လာလီဂါကလပ် ဗလင်စီယာရဲ့ နံပါတ်၁ ဂိုးသမား ဖြစ်သူ မာမာဒါရှဗလီကို ခေါ်ယူရန် စောင့်ကြည့်နေကြကြောင်း နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

စပါးက သူတို့အသင်းရဲ့ ဝါရင့်ဂိုးသမား ဖြစ်သူ ဟူဂို လိုရစ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် လက်စွမ်းကောင်း ၊ အရွယ်ကောင်း ဂိုးသမား တဦးကို ခေါ်ယူချင်နေတာ ဖြစ်သလို ချယ်လ်ဆီးကလည်း လက်ရှိ ဂိုးသမားတွေ ဖြစ်တဲ့ ကီပါနဲ့ မန်ဒီတို့ရဲ့ လက်စွမ်းတွေကို စိတ်မချတာကြောင့် ဂိုးသမားသစ် ရှာဖွေနေပါတယ်။

Photo Credit: Marca

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဂျော်ဂျီယာ လက်ရွေးစင် ဂိုးသမား မာမာဒါရှဗလီက ယခုနှစ် ဘောလုံးရာသီ အစကမှ ဂျော်ဂျီယာ ထိပ်သီးကလပ် တစ်ဘ်လီစီ ကနေ ဗလင်စီယာထံ ပြောင်းရွှေ့ကြေး ယူရို ၈သိန်းခွဲနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ဗလင်စီယာဆီ ရောက်ရောက်ချင်းမှာပဲ နံပါတ်တစ် ဂိုးသမားရာထူးကို ရယူနိုင်ခဲ့သလို လက်စွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။

မာမာဒါရှဗလီက အစစ အရာရာ ယိုယွင်းနေတဲ့ ဗလင်စီယာရဲ့ ဂိုးပေါက်ကို ကာကွယ်နေရပေမယ့် သူက ဒီရာသီမှာ စုစုပေါင်း ၃၃ပွဲ ပါဝင် ကစားထားရာ ပေးဂိုး ၄၀ဂိုးသာ ခွင့်ပြုထားရပြီး သူ့ရဲ့ လက်စွမ်းတွေကြောင့်ပဲ လာလီဂါရဲ့ အကောင်းဆုံး ဂိုးသမား ၅ဦး စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဂိုးသမားသစ် ရှာဖွေနေတဲ့ ချယ်လ်ဆီးနဲ့ စပါးက မာမာဒါရှဗလီရဲ့ လက်စွမ်းကို စောင့်ကြည့်နေပြီး မာမာဒါရှဗလီကလည်း ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဗလင်စီယာကို စွန့်ခွာဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

လက်ရှိမှာတော့ မာမာဒါရှဗလီရဲ့ ဗလင်စီယာက တန်းဆင်းဇုန် ကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားနေရပြီး ဗလင်စီယာက သူတို့ရဲ့ နံပါတ်တစ် ဂိုးသမား မာမာဒါရှဗလီ အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် အလိုရှိနေပါတယ်။