ချယ်လ်ဆီးအသင်းဟာ နွေရာသီမှာ တိုက်စစ်ကစားသမားသစ်တွေဖြစ်တဲ့ လီယမ် ဒီလပ်နဲ့ ဂျာအို ပက်ဒရိုတို့ကို ခေါ်ယူထားပြီးဖြစ်ပေမဲ့ သူတို့ရဲ့ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင်ကိုတော့ လက်လွှတ်ဖို့ အစီအစဉ်မရှိသေးပါဘူး။ အီတလီကလပ် အေစီမီလန်အသင်းက ဂျက်ဆင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေချိန်မှာ ချဲလ်ဆီးက သူ့အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၁၀၀)ဆိုတဲ့ အလွန်များပြားတဲ့ ဈေးနှုန်းတစ်ခု သတ်မှတ်လိုက်ပါတယ်။

အေစီမီလန်ဟာ ရာသီသစ်အတွက် သူတို့ရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ တိုက်စစ်မှူး (၆)ဦးလောက်ကို စောင့်ကြည့်နေပြီး ချယ်လ်ဆီးရဲ့ ဂျက်ဆင်ကလည်း သူတို့ရဲ့ အဓိကပစ်မှတ်တွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်နေပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးဘက်က ဂျက်ဆင်ကို မရောင်းဘူးလို့ တင်းခံနေပေမဲ့ အေစီမီလန်ကတော့ ကစားသမားရဲ့ လက်ရှိအခြေအနေတွေကြောင့် သူ့ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ နည်းပြ အန်ဇို မာရက်စကာရဲ့ လက်အောက်မှာ အသင်းကို အသစ်ရောက်လာတဲ့ ပက်ဒရိုနဲ့ ဒီလပ်တို့က ဂျက်ဆင်ထက် ပိုပြီး ပွဲထွက်ခွင့်အတွက် အရေးသာနေတဲ့အပြင် ဂျက်ဆင်ဟာ ဒီနှစ်အစပိုင်းကတည်းကစပြီး ခြေစွမ်းကျဆင်းနေခဲ့ပြီး ပြိုင်ပွဲစုံမှာ (၄)ဂိုးပဲ သွင်းယူနိုင်ပါတော့တယ်။ ဒီအချက်က အေစီမီလန်အတွက် အခွင့်အရေးတစ်ခုလို့ မြင်နေစေပါတယ်။

Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးဟာ ဂျက်ဆင်ကို တကယ်ရောင်းချဖို့ထက် အေစီမီလန်ရဲ့ စိတ်ဝင်စားမှုကို တားဆီးချင်တဲ့အတွက် ဒီလို ကြီးမားတဲ့ ဈေးနှုန်းကို သတ်မှတ်ထားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ချယ်လ်ဆီးဟာ အသက်(၂၄)နှစ်အရွယ် တိုက်စစ်မှူးကို ရောင်းထုတ်ဖို့ အလျင်စလိုမရှိဘူးလို့လည်း သိရပါတယ်။

Photo Credit : BBC

မီလန်အသင်းဟာ သူတို့ရဲ့ တိုက်စစ်ပိုင်းကို ပြန်လည်တည်ဆောက်နေရပါတယ်။ ရိုးမားကနေ အငှားနဲ့လာကစားခဲ့တဲ့ တမ်မီ အေဘရာဟမ်က တူရကီကလပ် ဘက်ဆစ်တပ်အသင်းကို ပြောင်းသွားပြီဖြစ်သလို တိုက်စစ်မှူး လူကာ ဂျိုဗစ်ကလည်း စာချုပ်သက်တမ်းကုန်ဆုံးသွားလို့ အသင်းကနေ ထွက်ခွာသွားခဲ့ပါပြီ။

ဂျက်ဆင်နဲ့ နီးစပ်တဲ့သူတွေရဲ့ အဆိုအရ ကစားသမားကိုယ်တိုင်ကလည်း အခြေအနေတွေသာ ကိုက်ညီမယ်ဆိုရင် အီတလီ စီးရီးအေကို ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားမှု ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အကြီးမားဆုံး အတားအဆီးကတော့ ချဲလ်ဆီး သတ်မှတ်ထားတဲ့ ဈေးနှုန်းပါပဲ။ ဒီနှစ်သင်းကြားမှာတော့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေခဲ့ပြီး ချယ်လ်ဆီးကစားသမားဟောင်းတွေဖြစ်တဲ့ ဖီကာယို တိုမိုရီ၊ ရူဘန် လော့ဖ်တပ်စ်-ချိခ်နဲ့ ခရစ်တီယန် ပူလီဆစ်တို့ဟာ မကြာသေးခင်နှစ်တွေအတွင်း မီလန်ကို အောင်မြင်စွာ ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။