ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းရဲ့နည်းပြချုပ် ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ပြီး စပို့တင်း လစ္စဘွန်းနည်းပြ အမော်ရင်ကို ခေါ်ယူဖို့ စဉ်းစားနေသလို အမော်ရင်နဲ့ လျို့ဝှက် ဆွေးနွေးမှုတွေပါ လုပ်ထားကြောင်း ပေါ်တူဂီအခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီ အစကမှ စပါးနဲ့ ပီအက်စ်ဂျီတို့ရဲ့ နည်းပြဟောင်း ပိုချက်တီနိုကို သူတို့ရဲ့ နည်းပြအဖြစ် ခေါ်ယူ ခန့်အပ်ထားတာ ဖြစ်ပြီး ချယ်လ်ဆီးက ပိုချက်တီနိုကို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Caught Offside

ချယ်လ်ဆီးက ပရီးမီးယားလိဂ် အတွေ့အကြုံရင့်တဲ့ ပိုချက်တီနိုကို မျှော်လင့်ချက် များစွာနဲ့ ခေါ်ယူ ခန့်အပ်ခဲ့တာ ဖြစ်ပေမယ့် ပိုချက်တီနိုရဲ့ လက်အောက်မှာ ချယ်လ်ဆီးရဲ့ ရလဒ်ပိုင်းတွေက ထင်ထားသလို မကောင်းခဲ့ပဲ ကာရာဘောင်းဗိုလ်လုပွဲဆီ တက်နိုင်ခဲ့ပေမယ့် လီဗာပူးကို ရှုံးနိမ့်ကာ ငွေတံဆိပ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးက ဒီရာသီမှာ ဥရောပပြိုင်ပွဲဝင်ခွင့် မရခဲ့တာကြောင့် ပြည်တွင်းပြိုင်ပွဲတွေကိုသာ အာရုံစိုက် ယှဉ်ပြိုင်ခဲ့ရပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေ အတော်လေး ဆိုးဝါးနေပြီး ပွဲစဉ်(၃၅) အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၉)နေရာ အထိ ရောက်ရှိနေပါတယ်။

Photo Credit: Team Talk

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ နည်းပြအပြောင်းအလဲ လုပ်ဖို့ စဉ်းစားနေပြီး စပို့တင်း လစ္စဘွန်းကို အကောင်းဆုံး ကိုင်တွယ်ပြထားတဲ့ ပေါ်တူဂီနည်းပြ အမော်ရင်ဟာ ချယ်လ်ဆီးရဲ့ ပစ်မှတ်နည်းပြစာရင်းထဲမှာ ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။

နာမည်ကြီး ပေါ်တူဂီ သတင်းထောက် ပက်ဒရို ဆီပက်ဗယ်ဒါရဲ့ ဖော်ပြချက်အရ အမော်ရင်က ပြီးခဲ့တဲ့ ဧပြီလ ၂၂ရက်နေ့မှာ ပေါ်တူဂီနိုင်ငံ ကနေ အင်္ဂလန်နိုင်ငံ ၊ လန်ဒန်မြို့ဆီ လာရောက်ခဲ့ချိန်မှာ အမော်ရင်ရဲ့ လေယာဉ်စရိတ်ကို ပေးချေခဲ့တာဟာ ချယ်လ်ဆီးအသင်း ဖြစ်နေပြီး ချယ်လ်ဆီးက ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ကာ အမော်ရင်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ လျို့ဝှက် ဆွေးနွေးမှုတွေ လုပ်ထားကြောင်း သိရှိရပါတယ်။