ဥရောပရဲ့ အတောက်ပဆုံး လူငယ်ကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်တဲ့ ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူဖို့ ပြိုင်ဘက်ကလပ်တွေ ခြေလှမ်းတုံ့ဆိုင်းနေချိန်မှာ ချယ်လ်ဆီးအသင်းက ဒီအခွင့်အရေးကို အမိအရအသုံးချပြီး သူတို့ရဲ့ စိတ်ဝင်စားမှုကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပိုမိုအားထက်သန်လာနေပါတယ်။

အသက်(၂၂)နှစ်အရွယ် လိုက်ပ်ဇစ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဇာဗီ ဆိုင်မွန်စ်ဟာ ဒီနွေရာသီမှာ ထိပ်တန်းကလပ်အများအပြားရဲ့ စိတ်ဝင်စားမှုကို ခံနေရသူ ဖြစ်ပါတယ်။ သူ့ရဲ့ အေးဂျင့်ဖြစ်သူက ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ မျှော်လင့်ချက်ထားခဲ့ပေမယ့် ဘာစီလိုနာရဲ့ ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ အခြားဦးစားပေး ကိစ္စတွေကြောင့် အဲ့ဒီအခွင့်အရေးက မှေးမှိန်သွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကလည်း စိတ်ဝင်စားမှုရှိခဲ့ပေမယ့် အပြောင်းအရွှေ့က ရှေ့မဆက်နိုင်သေးတာကြောင့် ချယ်လ်ဆီးအသင်းက ကြားဝင်ခေါ်ယူဖို့ စတင်ချိန်ဆလာခဲ့တာ ဖြစ်ပါတယ်။ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ချယ်လ်ဆီးဟာ ဈေးကွက်ထဲက ဒီအခွင့်အရေးကို အသုံးချဖို့အတွက် ဒီတစ်ပတ်အတွင်းမှာ ဆိုင်မွန်စ်ရဲ့ အေးဂျင့်နဲ့ ထပ်မံဆက်သွယ်သွားဖွယ် ရှိနေပါတယ်။

Photo Credit : Chelsea News

လိုက်ပ်ဇစ်အသင်းကိုယ်တိုင်ကလည်း ဆိုင်မွန်စ်ကို ရောင်းထုတ်ဖို့ တက်ကြွစွာ ကြိုးပမ်းနေပြီး ပြောင်းရွှေ့ကြေးကောင်းကောင်းရဖို့အတွက် ပရီးမီးယားလိဂ်ကို အကောင်းဆုံးလမ်းကြောင်းအဖြစ် သတ်မှတ်ထားပါတယ်။ ချယ်လ်ဆီးအသင်းက ဒီအခြေအနေကို လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေကတည်းက သိရှိထားပေမယ့် ကမ်းလှမ်းမှု ပြုလုပ်ဖို့တော့ အတည်မပြုသေးပါဘူး။ ဆိုင်မွန်စ်ရဲ့ လက်ရှိတန်ဖိုးဟာ ယူရိုသန်း(၇၀)ဝန်းကျင် ရှိနေပေမယ့် ချယ်လ်ဆီးကတော့ ဈေးနှုန်းညှိနှိုင်းဖို့ အခွင့်အလမ်းရှိနိုင်မလားလို့ မျှော်လင့်နေပါတယ်။

ဒီအပြောင်းအရွှေ့ကာလမှာ ချယ်လ်ဆီးရဲ့ အဓိက မဟာဗျူဟာတွေထဲက တစ်ခုကတော့ ခေါ်ယူမှုတိုင်းမှာ တန်ရာတန်ကြေး ဖြစ်စေဖို့ဖြစ်ပြီး ဆိုင်မွန်စ်ရဲ့ အပြောင်းအရွှေ့ကလည်း ဒီလိုအခွင့်အရေးမျိုး ဖြစ်လာနိုင်ပါတယ်။ ချယ်လ်ဆီးဘက်က ဒီအပြောင်းအရွှေ့ကို စိတ်ဝင်စားရတဲ့ အဓိကအချက်ကတော့ ဆိုင်မွန်စ်ကိုယ်တိုင်က အင်္ဂလန်မှာ ကစားလိုတဲ့ စိတ်အားထက်သန်မှု ရှိနေတာကြောင့် ဖြစ်ပါတယ်။ သူဟာ ပရီးမီးယားလိဂ်မှာ သူ့ရဲ့ခြေစွမ်းကို သက်သေပြလိုပြီး အထူးသဖြင့် လန်ဒန်မြို့က ကလပ်တစ်ခုခုကို ပြောင်းရွှေ့ဖို့ ဦးစားပေးနေတယ်လို့ ယုံကြည်ရပါတယ်။

Photo Credit : The Chelsea Chronicle

အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့က ရာသီကုန်ကတည်းက ဆိုင်မွန်စ်ရဲ့ နောက်ကြောင်းကို လိုက်လံစုံစမ်းခဲ့ပေမယ့် ကနဦး စူးစမ်းမေးမြန်းမှုအဆင့်ထက် မကျော်လွန်ခဲ့ပါဘူး။ ဒါပေမယ့် အာဆင်နယ်ကတော့ ပြိုင်ပွဲကနေ လုံးဝထွက်သွားခြင်း မရှိသေးဘဲ အခြေအနေကို ဆက်လက်စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားမှုက အမှန်အကန်ဖြစ်ပေမယ့် သူ့ကိုခေါ်ယူဖို့ တိကျတဲ့လှုပ်ရှားမှုမျိုး မပြုလုပ်သေးပါဘူး။ သူတို့ရဲ့ အာရုံက လီဗာပူးလ်ကစားသမား လူးဝစ် ဒီယက်ဇ် နဲ့ လိုင်ယွန်ကစားသမား မာလစ် ဖိုဖာနာတို့လို အခြားတိုက်စစ်ပစ်မှတ်တွေဆီမှာ ဦးစားပေးအဖြစ် ရှိနေပါတယ်။

ချယ်လ်ဆီးရဲ့ ဇာဗီ ဆိုင်မွန်စ်အပေါ် စိတ်ဝင်စားမှုကို အရှိန်မြှင့်ပေးနိုင်မယ့် အဓိကအချက်ကတော့ တိုက်စစ်မှူး နီကိုးလပ်စ် ဂျက်ဆင်ရဲ့ အနာဂတ်ပဲ ဖြစ်ပါတယ်။ ဂျက်ဆင်ကို မန်ချက်စတာ ယူနိုက်တက်အသင်းက စောင့်ကြည့်နေပြီး သင့်တင့်တဲ့ ပြောင်းရွှေ့ကြေးတစ်ခုနဲ့ သဘောတူညီမှုရပါက ခေါ်ယူဖို့ ကြိုးစားလာနိုင်ပါတယ်။ တကယ်လို့ ဂျက်ဆင်သာ အသင်းကနေထွက်ခွာခဲ့ရင် ချယ်လ်ဆီးဟာ သူတို့ရဲ့ တိုက်စစ်ပိုင်းကို မဖြစ်မနေ အင်အားဖြည့်တင်းရမှာဖြစ်ပြီး ဇာဗီ ဆိုင်မွန်စ်ရဲ့ နာမည်ဟာ အသင်းရဲ့ အတွင်းပိုင်း ဆွေးနွေးမှုတွေမှာ ပိုပြီးအရာရောက်တဲ့ နာမည်တစ်ခု ဖြစ်လာနေပြီ ဖြစ်ပါတယ်။