ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်သူ အန်ဇို ဖာနန်ဒက် အတွက် ဘင်ဖီကာထံ ပြောင်းရွှေ့ကြေး ယူရို ၁၂၇သန်းတန် ကမ်းလှမ်းမှု တရပ်ကို ယနေ့မှာပဲ တရားဝင် ပေးပို့လိုက်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ ကွင်းလယ်ပိုင်း အတွက် ရေရှည် အစားထိုးမှု အဖြစ် ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကို ရခဲ့တဲ့ အန်ဇို ဖာနန်ဒက်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး အန်ဇို ဖာနန်ဒက်ကလည်း ချယ်လ်ဆီးဆီ ပြောင်းရွှေ့လာချင်နေပါတယ်။

Photo Credit: Goal

အသက် ၂၁နှစ် အရွယ် အန်ဇို ဖာနန်ဒက်က ကွင်းလယ်ခံစစ်နဲ့ ဗဟိုကွင်းလယ်နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်ပြီး သူက ဘောလုံးပေးပို့ရာမှာ တိကျသလို လုပ်အားနှုန်း ကောင်းမွန်ကာ အသင်းဖော်တွေ အတွက် ဂိုးသွင်းခွင့်တွေ ဖန်တီးပေးနိုင်စွမ်းလည်း ရှိပါတယ်။

အန်ဇို ဖာနန်ဒက်က အာဂျင်တီးနားကလပ် ရေးဗားပလိတ် ကနေ ဘင်ဖီကာထံ ၂၀၂၂ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှ ရောက်ရှိခဲ့သူ ဖြစ်တာကြောင့် သူနဲ့ ဘင်ဖီကာတို့ရဲ့ ကြားထဲမှာ ကာလရှည် စာချုပ်တရပ် ကျန်နေသေးသလို သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးကလည်း ယူရို ၁၂၀သန်း အထိ ရှိနေပါတယ်။

Photo Credit: Goal

ကနဦးမှာတော့ ဘင်ဖီကာက သူတို့အသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ အန်ဇို ဖာနန်ဒက်ကို ရာသီကုန် အထိ အသင်းမှာ ဆက်ထားဖို့ စီစဉ်ခဲ့ပေမယ့် အန်ဇို ဖာနန်ဒက်က အသင်းပြောင်းခွင့်ပေးဖို့ တောင်းဆိုလာချိန်မှာတော့ ချယ်လ်ဆီးနဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းဖို့ သဘောတူခဲ့ပြီး ချယ်လ်ဆီးနဲ့ ဘင်ဖီကာတို့ရဲ့ ကြားထဲမှာ အန်ဇို ဖာနန်ဒက် အတွက် တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာဟာ ရက်အနည်းငယ် ရှိနေပါပြီ။

နာမည်ကြီး သတင်းထောက်တွေ ဖြစ်တဲ့ ဖာဘရီဇီယို ရိုမာနိုနဲ့ ပက်ဒရို ဆီပယ်ဗီဒါတို့ရဲ့ ဖော်ပြချက်တွေ အရ ချယ်လ်ဆီးက ယနေ့မှာပဲ ကနဦး ပြောင်းရွှေ့ကြေး + အပိုဆုကြေးတွေ ပါဝင်တဲ့ စုစုပေါင်း ယူရို ၁၂၇သန်းတန် ကမ်းလှမ်းမှုကို ဘင်ဖီကာထံ ပေးပို့ခဲ့ပြီး ဘင်ဖီကာဘက်က ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို အလေးအနက်ထား စဉ်းစားနေကာ လက်ခံဖွယ် ရှိနေကြောင်း သိရပါတယ်။