နယူးကာဆယ်လ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း(၄၀) တန်ကြေးရှိတဲ့ ဘန်လေအသင်းနဲ့ အင်္ဂလန်ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာကို ချယ်လ်ဆီးအသင်းက ဖြတ်ခုတ်သွားမလားဆိုပြီး စိုးရိမ်နေရပါတယ်။
မန်စီးတီး အကယ်ဒမီထွက် ဂိုးသမား ထရက်ဖို့ဒ်ဟာ ချန်ပီယံရှစ်မှာ ဘန်လေအသင်းနဲ့အတူ လက်စွမ်းပြခဲ့ပြီး ဘန်လေကိုလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တန်းတက်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီဂိုးသမားကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက စိတ်ဝင်စားလာခဲ့ပြီး The Telegraph ရဲ့ ဖော်ပြချက်အရ ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ အသင်းနှစ်သင်းက သူ့ကို ပစ်မှတ်ထားနေပါတယ်။
Photo Credit : Football Transfer
ကနဦးပိုင်းမှာတော့ ထရက်ဖို့ဒ်ကို နယူးကာဆယ် တစ်သင်းတည်းကသာ အထူးတလည် စိတ်ဝင်စားခဲ့တာ ဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ အေစီမီလန်က မိုက်ခ် မိုင်နွန်ကို မခေါ်ယူနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းကပါ ဒီဂိုးသမားအတွက် ကမ်းလှမ်းမှု ပြုလုပ်လာနိုင်တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
ဒီနှစ်သင်းစလုံးဟာ သောမတ်စ် တူချယ်လ်ရဲ့ အင်္ဂလန်အသင်း လူစာရင်းမှာ ရွေးချယ်ခံထားရတဲ့ ထရက်ဖို့ဒ်အတွက် ပေါင်သန်း(၄၀)အထိ သုံးစွဲရဖွယ် ရှိနေပါတယ်။ အက်ဒီဟောင်းကတော့ စိန့်ဂျိမ်းစ်ပတ်ခ်မှာ နစ်ခ်ပုပ်နဲ့ ပထမနေရာအတွက် ယှဉ်ပြိုင်ဖို့ သူ့ကို ခေါ်ယူချင်နေပြီး ချယ်လ်ဆီးကတော့ ဒီအပတ်မှာ မီလန်က မိုက်ခ် မိုင်နွတိကို ခေါ်ယူဖို့ မအောင်မြင်ခဲ့တာကြောင့် ဂိုးသမားတစ်ဦးကို အသည်းအသန် ရှာဖွေနေတာ ထင်ရှားပါတယ်။
Photo Credit : Goal
ထရက်ဖို့ဒ်ဟာ ဘန်လေအသင်းအတွက် ချန်ပီယံရှစ်မှာ စံချိန်တင် လက်စွမ်းပြခဲ့ပြီး တစ်ရာသီအတွင်း (၄၆)ပွဲ ကစားရပြီးချိန်မှာ ပေးဂိုးပေါင်း (၁၆)ဂိုးသာ ခွင့်ပြုပေးခဲ့ရကာ ထိပ်တန်းလိဂ်ကို အလိုအလျောက် တန်းတက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကလည်း ထူးခြားခဲ့ပြီး အခုတော့ ထိပ်တန်းကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။
ထွက်ပေါ်နေတဲ့ သတင်းတွေအရ ထရက်ဖို့ဒ်ရဲ့ အနာဂတ်ကို နယူးကာဆယ်လ်အသင်းက အပြောင်းအရွှေ့မှာ ဘယ်ကစားသမားကို ပိုဦးစားပေးမလဲဆိုတဲ့အပေါ် မူတည်ပြီး ဆုံးဖြတ်ရဖွယ် ရှိနေပါတယ်။ နယူးကာဆယ်လ်အသင်းဟာ ခရစ္စတယ် ပဲလေ့စ်က မာ့ခ် ဂူဟီ၊ နော်တင်ဟမ် ဖောရက်စ်က အန်တိုနီ အီလန်ဂါနဲ့ ဘရိုက်တန်က ဂျာအို ပတ်ဒရိုတို့ကိုလည်း ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။