ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား ဖြစ်သူ ဘင်ဖီကာ ကွင်းလယ်ကြယ်ပွင့် အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူနိုင်ဖို့ အတွက် အန်ဇို ဖာနန်ဒက်ဇ်ရဲ့ စာချုပ်ဖျက်သိမ်းကြေး ဖြစ်တဲ့ ယူရို ၁၂၀သန်းကို ပေးချေဖို့ ပြင်ဆင်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးက သူတို့ရဲ့ ကွင်းလယ်ပိုင်းမှာ ဂျော်ဂျင်ဟို ၊ ကန်တီ ၊ ကိုဗာဆစ် ၊ ဂါလက်ချာ ၊ မေဆန်မောင့် ၊ လော့ဖ်တပ်ချိ ၊ ချူဟွေမီကာ ၊ ဇာကာရီယာ (အငှား) စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် ကန်တီနဲ့ လော့ဖ်တပ်ချိတို့က ဒဏ်ရာလူသားတွေ ဖြစ်နေကြသလို ဂျော်ဂျင်ဟိုနဲ့ ကိုဗာဆစ်တို့က အသက်အရွယ်ကြောင့် အကျပိုင်းကို ရောက်လာတာကြောင့် ကွင်းလယ်အတွက် အားကိုးရမယ့် ဒေါင်ဒေါင်မြည် ကွင်းလယ်လူ တဦးကို ခေါ်ယူချင်နေတာပါ။

Photo Credit: Goal

တဖက်မှာတော့ အသက် ၂၂နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်က ယခုနှစ် ဘောလုံးရာသီမှာ ဘင်ဖီကာနဲ့ အာဂျင်တီးနားတို့ရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကိုပါ ရခဲ့ပါသေးတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးက ယခု ဆောင်းဈေးကွက် အတွင်းမှာပဲ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူနိုင်ဖို့ အပြင်းအထန် ကြိုးစား အားထုတ်နေတာ ဖြစ်ပြီး အန်ဇို ဖာနန်ဒက်ဇ်ကလည်း ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ သဘောတူထားပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ယနေ့မနက် အစောပိုင်းမှာပဲ အန်ဇို ဖာနန်ဒက်ဇ် အတွက် တန်ကြေးအမြင့်ဆုံး ကမ်းလှမ်းမှု အဖြစ် အပိုဆုကြေးတွေ အပါအဝင် ယူရို ၁၂၀သန်းတန် ကမ်းလှမ်းမှု တရပ်ကို ဘင်ဖီကာထံ ပေးပို့ခဲ့ပြီး ဘင်ဖီကာရဲ့ ဥက္ကဌ ဖြစ်သူ ရူအီ ကော်စတာက ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို လက်ခံ စဉ်းစားနေကြောင်း သိရပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးက သူတို့ရဲ့ နောက်ဆုံး ကမ်းလှမ်းမှုကို ဘင်ဖီကာဘက်ကနေ ပယ်ချခဲ့ပါက အန်ဇို ဖာနန်ဒက်ဇ်ရဲ့ စာချုပ်ဖျက်သိမ်းကြေး ဖြစ်တဲ့ ယူရို ၁၂၀သန်းကို တခါထဲ ပေးချေကာ အန်ဇို ဖာနန်ဒက်ဇ်ကို အမိအရ ခေါ်ယူဖို့ပါ ပြင်ဆင်ထားကြောင်းလည်း ရိုမာနိုက ဆိုပါတယ်။