ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက ကီပါ မရှိတော့တဲ့နောက် အားနည်းနေတဲ့ ဂိုးသမားနေရာ အတွက် နယူးအင်္ဂလန်ရဲ့ နံပါတ်တစ် ဂိုးသမား ပီထရိုဗစ်ကို ခေါ်ယူရန် ကြိုးစားနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ ဘရိုက်တန်ဂိုးသမား ဆန်းချက်ဇ်ကို ခေါ်ယူထားနိုင်ပေမယ့် သူတို့အသင်းရဲ့ ဂိုးသမားဟောင်းတွေ ဖြစ်ကြတဲ့ မန်ဒီနဲ့ ကီပါတို့ကို အယ် အာလီနဲ့ ရီးရဲလ်မက်ဒရစ်တို့ဆီ အသင်းပြောင်းခွင့် ပေးခဲ့တာကြောင့် ဆန်းချက်ဇ်နဲ့အပြိုင် နေရာယှဉ်လုမယ့် ဂိုးသမားသစ် တဦး ခေါ်ယူဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။

Photo Credit: Goal

တဖက်မှာတော့ အသက် ၂၃နှစ် အရွယ် ဆားဘီးယား လက်ရွေးစင် ဂိုးသမား ပီထရိုဗစ်က မေဂျာလိဂ်ကလပ် နယူးအင်္ဂလန်ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်ပြီး ပီထရိုဗစ်ဟာ မေဂျာလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမား ၅ဦး စာရင်းထဲ ပါဝင်နေသူပါ။

ပီထရိုဗစ်က နယူးအင်္ဂလန် အတွက် ပြိုင်ပွဲစုံမှာ ၄၈ပွဲ ပါဝင် ကစားပေးထားရာ ပေးဂိုးမရှိတဲ့ပွဲ ၁၅ပွဲ အထိ ရယူထားနိုင်သလို ပေးဂိုးကလည်း ၅၈ဂိုးသာ ရှိပြီး သူဟာ လျင်မြန် ဖျတ်လတ်သလို ဘောလုံးကိုင် ကစားရာမှာ ထူးချွန်ပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ယနေ့မနက်ပိုင်းမှာပဲ ပီထရိုဗစ် အတွက် နယူးအင်္ဂလန်ထံ တရားဝင် ကမ်းလှမ်းမှု တရပ် ပေးပို့ခဲ့ပြီး ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုက ပေါင် ၁၅သန်း အထိ တန်ကြေး ရှိကြောင်း သိရပါတယ်။

ပီထရိုဗစ်ကတော့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးနဲ့ နယူးအင်္ဂလန်တို့ ကြားထဲမှာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ရင် ချက်ချင်းပဲ အင်္ဂလန်နိုင်ငံဆီ သွားရောက်ကာ ဆေးစစ်ဖို့ ပြင်ဆင်နေကြောင်း နီးစပ်သူတွေက ဆိုထားပါတယ်။