ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ နွေရာသီ အဓိက ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဘာစီလိုနာ တိုက်စစ်မှူး အူဘာမီယန်း အတွက် ပထမဦးဆုံးအကြိမ် တရားဝင် ကမ်းလှမ်းမှု တရပ် ပြုလုပ်လိုက်ကြောင်း ဘာစီလိုနာနဲ့ နီးစပ်တဲ့ သတင်းထောက် ဂျာရတ် ရိုမဲရိုးက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ယခု နွေဈေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ရိုမီလု လူကာကူနဲ့ တီမိုဗာနာတို့ နှစ်ဦးကို အသင်းကနေ ထွက်ခွာခွင့် ပေးထားတာကြောင့် သူတို့နှစ်ဦးရဲ့ နေရာကို အစားဝင်နိုင်မယ့် တိုက်စစ်မှူး တဦးကို ပြန်ခေါ်ဖို့ စီစဉ်နေပြီး ချယ်လ်ဆီးနည်းပြ တူဟယ်လ်ကတော့ သူ့ရဲ့ တပည့်ဟောင်း အူဘာမီယန်းနဲ့ ပြန်လည် လက်တွဲချင်နေပါတယ်။

Photo Credit: Telegraph

တူဟယ်လ်နဲ့ အူဘာမီယန်းတို့က ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဒေါ့မွန်မှာ တွဲဖက်ကာ လုပ်ကိုင်ခဲ့ဖူးသူတွေ ဖြစ်ပြီး တူဟယ်လ်ရဲ့ လက်အောက်မှာ အူဘာမီယန်းက သွင်းဂိုးပေါင်း များစွာကို သွင်းယူနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ တူဟယ်လ်က သူ့ရဲ့ တပည့်ဟောင်း အူဘာမီယန်းနဲ့ ပြန်လည် လက်တွဲဖို့ ဆန္ဒရှိနေပြီး အူဘာမီယန်းကလည်း ဘာစီလိုနာကသာ သူ့ကို အသင်းကနေ ထွက်ခွာခွင့် ပေးမယ် ဆိုရင် ဆရာဟောင်းနဲ့ ပြန်လည် လက်တွဲဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Telegraph

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂျာရတ် ရိုမဲရိုးရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ယနေ့မနက် အစောပိုင်းမှာပဲ အူဘာမီယန်းကို ပြောင်းရွှေ့ကြေး ယူရို ၂၇သန်းနဲ့ စတင် ကမ်းလှမ်းလိုက်ပြီး ဘာစီလိုနာက အူဘာမီယန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် လိုချင်နေတာကြောင့် ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိနေကြောင်း သိရပါတယ်။

အူဘာမီယန်းကတော့ ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ မငြင်းဆန်ထားတာကြောင့် အကယ်၍ ဘာစီလိုနာနဲ့ ချယ်လ်ဆီးတို့ ကြားမှာသာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရသွားရင် အူဘာမီယန်းဟာ ရက်ပိုင်းအတွင်းမှာပဲ ချယ်လ်ဆီးရဲ့ ကစားသမားသစ် ဖြစ်လာဖို့ ရှိနေပါတယ်။