လန်ဒန်အခြေစိုက် နာမည်ကြီးကလပ် ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူတို့ရဲ့ မြို့ခံပြိုင်ဘက် ဖူလ်ဟမ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဖူလ်ဟမ်ကြယ်ပွင့် အဒါရာဘီအိုယောကို အလွတ်နဲ့ ခေါ်ယူဖို့ တရားဝင် ကမ်းလှမ်းထားကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် ဗဟိုခံစစ်မှူး အဒါရာဘီအိုယောက မန်ချက်စတာ စီးတီးရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် ဗဟိုခံစစ်မှူး တဦး ဖြစ်ပြီး သူက ၂၀၂၀ခုနှစ်မှာ မန်ချက်စတာ စီးတီးကနေ ဖူလ်ဟမ်ထံ ပြောင်းရွှေ့ကြေး ယူရို ၁.၆၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဖူလ်ဟမ်ရဲ့ အဓိက ဗဟိုနောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit: Standard

အဒါရာဘီအိုယောက ၄နှစ်တာ ကာလအတွင်းမှာ ဖူလ်ဟမ်အတွက် ပြိုင်ပွဲစုံမှာ ၁၃၂ပွဲ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၅ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ကြိမ် ရရှိခဲ့ပါတယ်။ အဒါရာဘီအိုယောက ပြိုင်ဘက်ရဲ့ တိုက်စစ်မှူးတွေကို လူကပ် ကစားရာမှာ ထူးချွန်သလို အမြင့်ဘော ရှင်းထုတ်မှုတွေလည်း ကောင်းပြီး သူက ဖူလ်ဟမ် ကစားသမားဘဝမှာ အဝါကတ် ၁၀ကတ်နဲ့ အနီကတ် ၁ကြိမ်သာ ပြသခံခဲ့ရပါတယ်။

သူ့ရဲ့ သေသပ်တဲ့ ခံစစ်ကစားဟန်ကြောင့်ပဲ ဖူလ်ဟမ်က အဒါရာဘီအိုယောကို စာချုပ်သစ် ထပ်ချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အဒါရာဘီအိုယောကတော့ သူ့ရဲ့ ကစားသမားဘဝ အတွက် ဖူလ်ဟမ်ထက် တစ်ဆင့် ပိုမြင့်တဲ့ အသင်းတွေဆီ ပြောင်းရွှေ့ချင်နေတာကြောင့် ဖူလ်ဟမ်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

Photo Credit: Team Talk

ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်ကြတဲ့ နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က အဒါရာဘီအိုယောကို အလွတ်နဲ့ ခေါ်ယူဖို့ အတွက် ယခုလ အစပိုင်းထဲက ချိတ်ဆက်မှုတွေ အသီးသီး ပြုလုပ်နေကြပြီး နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ လန်ဒန်ကလပ် ချယ်လ်ဆီးကလည်း အဒါရာဘီအိုယောလုပွဲထဲမှာ ပါဝင်လာတယ်လို့ သိရှိရပါတယ်။

နာမည်ကြီး သတင်းဌာနတွေ ဖြစ်ကြတဲ့ Sky Sportsနဲ့ Daily Mailတို့ရဲ့ တညီတညွတ်ထဲ ဖော်ပြချက်တွေအရ ချယ်လ်ဆီးက အဒါရာဘီအိုယောရဲ့ အေးဂျင့်ဆီ ဆက်သွယ်ကာ သူတို့အသင်းဆီ ပြောင်းလာဖို့ စည်းရုံးနေသလို အဒါရာဘီအိုယောထံ စာချုပ်တရပ် ပေးပို့ကာ တရားဝင် ကမ်းလှမ်းမှု လုပ်ထားကာ အဒါရာဘီအိုယောက ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို အလေးအနက်ထား စဉ်းစားနေကြောင်း သိရပါတယ်။