ချယ်လ်ဆီးအသင်းကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၁)ပွဲတည်းသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရတဲ့ နောက်ခံကစားသမား ရီနာတို ဗေဂါကို အခုနွေဈေးကွက်မှာပဲ ဗီလာရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို (၂၅)သန်းနဲ့ ပြန်လည် ရောင်းချသွားနိုင်တော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ နွေဈေးကွက်ကမှ ဘင်ဖီကာအသင်းကနေ ချယ်လ်ဆီးကို ယူရို (၁၄)သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီ ဗဟိုခံစစ်ကစားသမား ဗေဂါဟာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း (၁၈)ပွဲအထိ ပါဝင်ကစားခဲ့ရပေမယ့် ရာသီဝက်မှာတော့ ဂျုဗင်တပ်စ်အသင်းဆီကို ကာလတို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။
Photo Credit : VIP Deportivo
အသက် (၂၂)နှစ်သာ ရှိသေးတဲ့ ဗေဂါဟာ ဗဟိုခံစစ်နေရာအပြင် ဘယ်ခြမ်းခံစစ်နဲ့ ကွင်းလယ်ခံစစ်နေရာတေတွအထိပါ လိုက်ပါကစားနိုင်သူ ဖြစ်သလို ပေါ်တူဂီလက်ရွေးစင်အသင်းမှာပါ ပါဝင်ကစားထားခဲ့ရသူ ဖြစ်ပါတယ်။ ချယ်လ်ဆီးကလည်း သူ့ကို ကာလရှည်ကြာ စာချုပ်ရှည်ကြီးတစ်ရပ် ချုပ်ဆိုထားခဲ့ပေမယ့် လက်ရှိမှာတော့ ဗေဂါက စပိန်လာလီဂါဆီကိုသာ ဦးတည်နေရပြီ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းမှာက နေရာစုံ ကစားသမား အရေအတွက်တွေ များပြားလွန်းနေတာကြောင့် အသင်းမှာ နေရာမပေးနိုင်တဲ့ ကစားသမားတွေဆိုရင် အငှားချတာနဲ့ ရောင်းထုတ်တာတွေ လုပ်ကြရပါတယ်။ ဒီထဲမှာ ဗေဂါလည်း ပါဝင်သွားခဲ့ပြီး ဒီကစားသမားကိုတော့ ဗီလာရီးယဲလ်အသင်းဆီ ရောင်းထုတ်သွားတော့မှာပဲ ဖြစ်ပါတယ်။
Photo Credit : Superdeporte
ဗီလာရီးယဲလ်အသင်းက ဗေဂါအတွက် ပြောင်းရွှေ့ကြေး ယူရို (၂၅)သန်း + အပိုဆုကြေး ယူရို (၄.၅)သန်း စုစုပေါင်း ယူရို (၂၉.၅)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ ဗီလာရီးယဲလ်အတွက်တော့ အသင်းသမိုင်းတစ်လျှောက် အမြင့်မားဆုံး ပြောင်းရွှေ့ကြေးလည်း ဖြစ်ခဲ့သလို ချယ်လ်ဆီးဘက်ကလည်း ဗေဂါရဲ့ လာမယ့်အပြောင်းအရွှေ့အတွက် အကျိုးအမြတ် ခံစားနိုင်မယ့် sell-on clause ကိုပါ ထည့်သွင်းထားခဲ့ပါသေးတယ်။
ဒါကြောင့် ချယ်လ်ဆီးဟာ ဗေဂါအတွက် ယူရို (၁၀)သန်းကျော်လောက်အထိ အမြတ်ရသွားခဲ့တယ် ဆိုပေမယ့်လည်း လက်ရှိအသင်းမှာက လီဗိုင်း ကိုဝဲလ်အပြင် အဒါယာဘီအိုလိုပါ ဒဏ်ရာရနေတဲ့အချိန် ဗေဂါလို CB တစ်ဦးကို ရောင်းထုတ်ထားလိုက်တာကြောင့် ခံစစ်ကစားသမား ပြဿနာကိုတော့ ရင်ဆိုင်ရဦးမှာပဲ ဖြစ်ပါတယ်။