ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေ ဖြစ်ကြတဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးတို့က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘရိုက်တန်နည်းပြချုပ် ဒီဇာဘီကို သူတို့ရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတာကြောင့် ဒီဇာဘီထံ ချဉ်းကပ်မှုတွေ အပြိုင်အဆိုင် လုပ်နေကြကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times Sportsက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

လန်ဒန်အခြေစိုက်ကလပ် ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီ အစကမှ အာဂျင်တီးနား နည်းပြ ပိုချက်တီနိုကို ၂နှစ်စာချုပ်နဲ့ ခေါ်ယူထားပေမယ့် ပိုချက်တီနိုရဲ့ လက်အောက်မှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ဥရောပဝင်ခွင့်သာ မရခဲ့ရင် ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားနေပါတယ်။

Photo Credit: Football 365

တဖက်မှာတော့ လီဗာပူးက ကမ္ဘာ့အဆင့် နည်းပြတဦး ဖြစ်သူ ယာဂင် ကလော့ပ်ကို ပိုင်ဆိုင်ထားသလို ဒီရာသီမှာ ကာရာဘောင်းဖလားကိုလည်း သိမ်းပိုက်ထားနိုင်ပေမယ့် ကလော့ပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ တရားဝင် ကြေညာထားတာကြောင့် ကလော့ပ်ရဲ့ နေရာကို အစားဝင်နိုင်မယ့် အရည်အသွေးမြင့် နည်းပြတဦးကို လိုက်လံ ရှာဖွေနေပါတယ်။

လတ်တလောမှာ လီဗာပူးက လေဗာကူဆင်နည်းပြ အလွန်ဆို ၊ စပို့တင်းနည်းပြ အမိုရင် ၊ ဘရိုက်တန်နည်းပြ ဒီဇာဘီ စတဲ့ နည်းပြတွေကို ပစ်မှတ်ထားနေပြီး ချယ်လ်ဆီးကတော့ စပို့တင်းနည်းပြ အမိုရင် ၊ ဘရိုက်တန်နည်းပြ ဒီဇာဘီနဲ့ ဂျာမဏီနည်းပြ နစ်ဂယ်စမန်းတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times Sportsရဲ့ ဖော်ပြချက်အရ လီဗာပူးနဲ့ ချယ်လ်ဆီးတို့က ရာသီကုန်ချိန်မှာ သူတို့ရဲ့ နည်းပြချုပ်တွေနဲ့ လမ်းခွဲရဖို့ နီးစပ်နေတာကြောင့် ဘရိုက်တန်နည်းပြချုပ် ဒီဇာဘီကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ အပြိုင်အဆိုင် ချဉ်းကပ်နေကြကြောင်း သိရှိရပါတယ်။

အသက် ၄၄နှစ် အရွယ် အီတလီလူမျိုး နည်းပြချုပ် ဒီဇာဘီက ဘရိုက်တန်နဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး ဘရိုက်တန်ကတော့ သူတို့ရဲ့နည်းပြချုပ် ဒီဇာဘီ အတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၅သန်း ဝန်းကျင် တောင်းဆိုမယ်လို့ ဘရိုက်တန်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။