ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက ယမန်နေ့ညမှာ သူတို့အသင်းရဲ့ နည်းပြချုပ် မော်ရီစီယို ပိုချက်တီနိုနဲ့ နှစ်ဦးသဘောတူ လမ်းခွဲပြီးနောက် သူတို့အသင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်မယ့် နည်းပြသစ် တဦးကို လိုက်လံ ရှာဖွေနေရာ ဒီရာသီမှာ ဘန်လေနဲ့အတူ တန်းဆင်းထားရတဲ့ ဘယ်လ်ဂျီယံနည်းပြ ကွန်ပနီကိုပါ သူတို့အသင်းရဲ့ ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ချယ်လ်ဆီးက အာဂျင်တီးနား ထိပ်သီးနည်းပြ မော်ရီစီယို ပိုချက်တီနိုကို ယခုနှစ် ဘောလုံးရာသီ အစကမှ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ပိုချက်တီနိုက သူ့ရဲ့ ပထမဦးဆုံး ဘောလုံးရာသီမှာ ချယ်လ်ဆီးကို ကာရာဘောင်းဗိုလ်လုပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်(၆)နေရာကို ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: BBC

ပိုချက်တီနိုရဲ့ စွမ်းဆောင်ရည်က လက်သင့်ခံလို့ ရတဲ့ အနေအထားမှာ ရှိပေမယ့် ချယ်လ်ဆီးရဲ့ ဘုတ်အဖွဲ့ကတော့ ပိုချက်တီနိုရဲ့ လက်အောက်မှာ ဆွဲဆောင်မှု ရှိတဲ့ ကစားကွက် တခုကို မမြင်ခဲ့ရသလို ပိုချက်တီနိုဟာ ဆုဖလားတွေ အတွက် အာမခံချက် မပေးနိုင်ဘူး ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂ရက်အတွင်းမှာ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ပိုချက်တီနိုနဲ့ အစည်းအဝေး ၂ကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွေမှာ ချယ်လ်ဆီးဟာ ပိုချက်တီနိုကို နည်းပြချုပ်ရာထူးကနေ နုတ်ထွက်ပေးဖို့ အသိပေးခဲ့သလို ပိုချက်တီနိုကလည်း ချယ်လ်ဆီးရဲ့ သဘောဆန္ဒအတိုင်း လမ်းခွဲပေးဖို့ သဘောတူခဲ့ပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Guardianရဲ့ ပင်တိုင်သတင်းထောက် ဂျာကော့ဘ် စတိန်းဘက်ချ်ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးဟာ ပိုချက်တီနိုနဲ့ လမ်းခွဲပြီးနောက် နည်းပြသစ် တဦးကို ခန့်အပ်ဖို့ အလျင်အမြန် ကြိုးစားနေပြီး ချယ်လ်ဆီးရဲ့ ပစ်မှတ်စာရင်းထဲမှာ အစ်ဝှစ်ချ်ကို ပရီးမီးယားလိဂ်ဆီ ပို့ပေးထားတဲ့ မက်ကန်နာ ၊ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်ခ် ၊ ဘရိုက်တန်နည်းပြဟောင်း ဒီဇာဘီနဲ့ ဘန်လေနည်းပြချုပ် ကွန်ပနီတို့ ပါဝင်နေကြောင်း သိရှိရပါတယ်။

ချယ်လ်ဆီးရဲ့ ပစ်မှတ်နည်းပြတွေထဲမှာ ဘန်လေနဲ့အတူ တန်းဆင်းထားရတဲ့ ကွန်ပနီ ပါဝင်နေတဲ့ အချက်က အတော်လေး စိတ်ဝင်စားစရာ ကောင်းနေပြီး နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ချယ်လ်ဆီးဟာ လုပ်ပိုင်ခွင့် အာဏာတွေ တောင်းဆိုမယ့် နာမည်ကြီးနည်းပြတွေ အစား အားကစားဒါရိုက်တာတွေနဲ့ အလုပ်တွဲလုပ်နိုင်မယ့် လူငယ်နည်းပြ တဦးကို ခေါ်ယူချင်နေကြောင်း ဖော်ပြထားကာ အဲ့ဒီအချက်ကြောင့်ပဲ ကွန်ပနီဟာ ချယ်လ်ဆီးရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတာ ဖြစ်နိုင်ပါတယ်။