ချယ်လ်ဆီးအသင်းက မကြာခင်မှာ ရီးယဲလ် မက်ဒရစ်အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့သွားတော့မယ့် ဂိုးသမား ကက်ပါ အာရီဇဘယ်လာဂါနေရာမှာ အစားထိုးဖို့အတွက် လက်စတာ ဂိုးသမားဟောင်း ကက်စပါ ရှမိုက်ကယ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ရီးယဲလ်အသင်းက ACL Injury ကြောင့် ကာလရှည် အနားယူရတော့မယ့် ကော်တွိုက်စ်နေရာမှာ အစားထိုးဖို့အတွက် ချယ်လ်ဆီးရဲ့ စပိန် ဂိုးသမား ကက်ပါကို တစ်ရာသီ အငှားနဲ့ ကမ်းလှမ်းထားရာ အခုဆိုရင် သဘောတူညီပါ ရရှိခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : The FA

ချယ်လ်ဆီးက ဒီနွေမှာ အသင်းရဲ့ ဂိုးသမားတစ်ဦးဖြစ်သူ ဆီနီဂေါ ဂိုးသမား အက်ဒွါ မန်ဒီကို ဆော်ဒီကလပ် အယ်လ် အာလီအသင်းဆီ ရောင်းချထားခဲ့ပေမယ့်လည်း ဘရိုက်တန်ရဲ့ စပိန် ဂိုးသမား ရောဘတ် ဆန်းချက်ဇ်ကို ပြန်လည် ခေါ်ယူထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ရီးယဲလ်က သူတို့ရဲ့ အဓိက ဂိုးသမား ကော်တွိုက်စ်ကို ကာလရှည်ကြာ အနားပေးရတော့မှာဖြစ်လို့ ဂိုးသမားသစ် တစ်ဦး ရှာဖွေလာရာ နောက်ဆုံးမှာတော့ ကက်ပါကို ခေါ်ယူဖို့ စိတ်ဝင်စားလာရင်း တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Transfermarket

ဒါကြောင့် ချယ်လ်ဆီးက ဒီနေ့ပွဲစဉ်မှာပဲ အသင်းရဲ့ ဂိုးသမားနေရာမှာ ဆန်းချက်ဇ်ကိုသာ စတင် အသုံးပြုသွားဖို့ ရှိနေပြီး ဆန်းချက်ဇ်ရဲ့ back-up goalkeeper အဖြစ် အသုံးပြုသွားဖို့ ပရီးမီးယားလိဂ် ချန်ပီယံဟောင်းဖြစ်သူ ဂိုးသမား ရှမိုက်ကယ်ကို စိတ်ဝင်စားလာခဲ့ပါတယ်။

အသက် (၃၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဒိန်းမတ် ဂိုးသမား ရှမိုက်ကယ်ဟာ လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ပွဲပေါင်း (၃၀၀)နီးပါး ကျင်လည်ခဲ့ဖူးတဲ့ အတွေ့အကြုံရင့် ဂိုးသမားတစ်ဦးဖြစ်ပြီး အခုလည်း သူရဲ့ လက်ရှိကလပ် နိုက်စ်အသင်းနဲ့ လမ်းခွဲချင်နေတာကြောင့် သူ့ကို ချယ်လ်ဆီးဘက်က ခုလို ပစ်မှတ်ထားလာရတာ ဖြစ်ပါတယ်။