နွေဈေးကွက်အတွင်း နောက်ခံကစားသမားတွေဖြစ်တဲ့ အန်တိုနီယိုရူဒီဂါနဲ့ အန်ဒရေယပ်စ်ခရစ္စတန်ဆန်တို့ကို လက်လွတ်ထားခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာ ဒီကစားသမားတွေရဲ့ နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ခံစစ်ကစားသမားတွေကို ရှာဖွေလို့နေပြီး ဒီလစ် ခွန်ဒယ် အကီတို့ကို ပစ်မှတ်ထားနေပေမယ့် ခေါ်ယူနိုင်ဖို့က ခက်ခဲနေဆဲ ဖြစ်နေတာကြောင့် လက်ရှိမှာ ဘိုင်ယန်မြူးနစ် နောက်ခံလူ ဘင်ဂျမင်ပါဗာကိုပါ ထပ်မံပစ်မှတ်ထားလာခဲ့ပါတယ်။

Benjamin Pavard on playing centre-back for Bayern Munich, Julian Nagelsmann  and Borussia Dortmund | Bundesliga

Photo Credit : Bundesliga

ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်ထိ ကစားသမားသစ် တစ်ဦးမှကို မခေါ်ယူထားနိုင်သေးပဲ ရူဒီဂါ ခရစ္စတန်ဆန်တို့အပြင် အလွန်ဆိုပါ လက်လွတ်ရနိုင်တဲ့ အနေအထားမျိုး ဖြစ်နေတဲ့အတွက် ခံစစ်ပိုင်းကို မဖြစ်မနေ အားဖြည့်ဖို့က လိုအပ်နေရပြီး အနည်းဆုံး ခံစစ်ကစားသမား (၂)ဦးလောက်အထိ ခေါ်ယူသင့်နေပါတယ်။ ဒီလို အခြေအနေမှာ အသင်းဘက်က အလိုရှိနေတဲ့ နောက်ခံလူတွေဖြစ်တဲ့ ဒီလစ် ခွန်ဒယ်တို့ကို ဘိုင်ယန် ဘာစီလိုနာတို့က အပြိုင်ကမ်းလှမ်းနေကြပြီး လက်ရှိ အနေအထားတွေအရလည်း ကစားသမားနှစ်ဦးကလည်း အဲ့ဒီအသင်းတွေကိုသာ ပြောင်းရွှေ့ဖွယ် ရှိနေသလို ကစားသမားဟောင်း အကီမှာလည်း မန်စီးတီးဘက်က အလွယ်တကူ ရောင်းမထုတ်ဘူးလို့ သတိပေးထားတာကြောင့် ခေါ်ယူဖို့ ခဲယဉ်းနေရပါတယ်။

Bayern Munich: Pavard wants more playing time in central defense

Photo Credit : Bayern Strike

ဒီအချိန်မှာပဲ ချယ်လ်ဆီးအသင်းက သူတို့ရဲ့ပစ်မှတ်ကို ဘိုင်ယန် ညာနောက်ခံကစားသမား ပါဗာဆီ ပြောင်းလဲလိုက်ပါတယ်။ အသက်(၂၆)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား ပါဗာဟာ လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်နဲ့ လက်တွဲဖြုတ်ဖို့အတွက် ဆွေးနွေးမှုတွေပါ လုပ်ဆောင်နေပြီလို့ သတင်းထွက်ပေါ်နေသူဖြစ်ပြီး ဘိုင်ယန်က အေဂျက်စ်ကနေ ညာနောက်ခံ မက်ဇာယာအူယီကို ခေါ်ယူထားခဲ့ခြင်းအပေါ် သဘောမကျ ဖြစ်နေသလို အခုလက်ရှိမှာလည်း ဒီလစ်ကိုပါ ထပ်မံခေါ်ယူဖို့ လုပ်ဆောင်နေတဲ့အတွက် ပါဗာက သူရဲ့ ပွဲကစားခွင့်တွေအပေါ် စိုးရိမ်လာခဲ့တာ ဖြစ်ပါတယ်။ အခုလို ဘိုင်ယန်မှာ နေမပျော်တော့တဲ့ ပါဗာကို ချယ်လ်ဆီးအသင်းက စိတ်ဝင်စားလာခဲ့ပြီး မကြာခင်မှာပဲ ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်သွားဖွယ်ပါ ရှိနေပါတယ်။ ပါဗာဟာ ညာနောက်ခံလူ ဖြစ်ပေမယ့်လည်း စတုဂတ်မှာ ကစားခဲ့တုန်းက ဗဟိုနောက်ခံလူအဖြစ် ကစားခဲ့တာဖြစ်တာကြောင့် center-back အဖြစ်ရော right-back အဖြစ်နဲ့ပါ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် ချယ်လ်ဆီးက ပါဗာကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ်နဲ့ပါ ကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။