လာမယ့်ရာသီ အတွက် နည်းပြချုပ် တဦးကို အသည်းအသန် ရှာဖွေနေတဲ့ လန်ဒန်ထိပ်သီးကလပ် ချယ်လ်ဆီးက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆီဗီးလား ၁-၂ ဘာစီလိုနာ ပွဲအပြီးမှာ ဘာစီလိုနာရဲ့ နည်းပြချုပ်ရာထူးကို နှုတ်ဆက်ရတော့မယ့် ဇာဗီအား နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် ပက်ဒရို အယ်လ်မိုင်ဒါက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ကစားသမားဘဝမှာ ကမ္ဘာ့အဆင့် ကွင်းလယ်လူ ဖြစ်ခဲ့တဲ့ ဇာဗီက နည်းပြလောကထဲကို ဝင်ရောက်လာချိန်မှာလည်း သူဟာ အရည်အသွေးမြင့် နည်းပြ တဦး ဖြစ်ကြောင်းကို ဆုဖလားတွေနဲ့ သက်သေပြထားပြီး ဇာဗီက ကာတာကလပ် အယ်လ်ဆတ်နဲ့ ဘာစီလိုနာ စတဲ့ နှစ်သင်းကို ကိုင်တွယ်ခဲ့ဖူးပါတယ်။

Photo Credit: Goal

ဇာဗီက အယ်လ်ဆတ်ကို ၂ရာသီကြာ ကိုင်တွယ်ခဲ့ရာမှာ ကာတာလိဂ်ချန်ပီယံ ၁ကြိမ်နဲ့ ကာတာဖလား ၂ကြိမ်တို့ကို ရယူနိုင်ခဲ့သလို ဘာစီလိုနာကို ၂ရာသီခွဲကြာ ကိုင်တွယ်ခဲ့ရာမှာလည်း လာလီဂါချန်ပီယံ ၁ကြိမ်နဲ့ စပိန်စူပါဖလား ၁ကြိမ်တို့ကို ရယူနိုင်ခဲ့တာကြောင့် သူ့ရဲ့ နည်းပြသက်တမ်း ၄နှစ်ခွဲ အတွင်းမှာ ဆုဖလား ၅လုံး အထိ ရရှိထားပါတယ်။

ဇာဗီက ဘာစီလိုနာအတွက် ၂ရာသီခွဲ အတွင်းမှာ ဆုဖလား ၂လုံး အထိ ရယူပေးနိုင်ခဲ့ပေမယ့် သူဟာ ဘာစီလိုနာဥက္ကဌ လာပေါ်တာနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် လာပေါ်တာ ဦးဆောင်နေတဲ့ ဘာစီလိုနာဘုတ်အဖွဲ့က သူ့ကို ရာထူးကနေ ထုတ်ပယ်ကာ ဂျာမန်ထိပ်သီးနည်းပြ ဟန်ဆီ ဖလစ်ခ်ကို နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Caught Offside

နာမည်ကြီး ပေါ်တူဂီ သတင်းထောက် ပက်ဒရို အယ်လ်မိုင်ဒါရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဘာစီလိုနာကနေ စွန့်ပစ်ခံခဲ့ရတဲ့ ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားလာပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ဇာဗီရဲ့ ကိုယ်စားလှယ်တွေနဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဖို့ စီစဉ်ထားကြောင်း သိရှိရပါတယ်။

ဇာဗီက ဘာစီလိုနာနဲ့ လမ်းခွဲထားတာကြောင့် ချယ်လ်ဆီးက သူ့ကို လျော်ကြေးငွေ တပြားတချပ်မှ ပေးစရာမလိုပဲ ခေါ်ယူနိုင်မှာ ဖြစ်ပြီး ဇာဗီကလည်း အတွေ့အကြုံသစ်တွေနဲ့ အောင်မြင်မှုအသစ်တွေ လိုချင်နေတာကြောင့် ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုသာ ရောက်လာမယ် ဆိုရင် လက်ခံဖွယ် ရှိနေပါတယ်။