ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ ခံစစ်ကြောင်း အတွက် လက်စတာ စီးတီး ဗဟိုခံစစ်မှူး ဖိုဖာနာအပြင် လေဗာကူဆင်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဗဟိုခံစစ်မှူး တက်ဆိုဘာကိုပါ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဂျာမန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး နှစ်ဦး ဖြစ်တဲ့ ရူဒီဂါနဲ့ ခရစ်တန်ဆန်တို့ကို လာလီဂါပြိုင်ပွဲရဲ့ အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ဆီ လက်လွှတ်ထားရတာကြောင့် သူတို့နှစ်ဦးရဲ့ နေရာအတွက် ထိပ်တန်းအဆင့် ဗဟိုခံစစ်မှူး နှစ်ဦးကို ပြန်လည် ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

 

Photo Credit: Standard

လက်ရှိမှာတော့ ချယ်လ်ဆီးက ဆီနီဂေါရဲ့ အဓိက ဗဟိုခံစစ်မှူး ကူလီဘလီကို ခေါ်ယူထားပြီး ဖြစ်တာကြောင့် သူတို့အသင်းရဲ့ ခံစစ်ကြောင်း အတွက် နောက်ထပ် ဗဟိုခံစစ်မှူး တဦးကိုသာ ထပ်​ခေါ်ဖို့ လိုအပ်နေကာ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက လက်စတာ စီးတီး ဗဟိုခံစစ်မှူး ဖိုဖာနာကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားကြပါတယ်။

ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေနဲ့ နည်းပြဖြစ်သူ တူဟယ်လ်က ပရီးမီးယားလိဂ်နဲ့ အသားကျပြီးသလို ခြေစွမ်းကောင်းတွေလည်း ပိုင်ဆိုင်ထားတဲ့ ဖိုဖာနာကို ခေါ်ယူချင်နေပေမယ့် လက်စတာ စီးတီးက ဖိုဖာနာအတွက် စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ပေါင် ၈၀သန်းကျော် အထိ တောင်းဆိုနေတာကြောင့် ချယ်လ်ဆီးဟာ ဖိုဖာနာကို ခေါ်ယူဖို့ အခက်တွေ့နေပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ ချယ်လ်ဆီးက ဖိုဖာနာကို မရခဲ့ရင် အစားထိုး ခေါ်ယူမယ့် ပစ်မှတ်တွေကို စတင် ရှာဖွေနေပြီး လေဗာကူဆင်နဲ့အတူ တောက်ပနေတဲ့ တက်ဆိုဘာဟာ ချယ်လ်ဆီးရဲ့ အရန်ပစ်မှတ် အဖြစ် ရှိနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ဘာကီနာဖာဆို လက်ရွေးစင် ဗဟိုနောက်ခံလူ တက်ဆိုဘာက ဂွီမာရေးစ်ကနေ လေဗာကူဆင်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက ဗဟိုနောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူ့ရဲ့ မာကျောတဲ့ ကစားဟန်နဲ့ ဘယ် ၊ ညာခံစစ် နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိတာကြောင့် ရူဒီဂါလက်သစ် အဖြစ် သတ်မှတ်ခံထားကာ ချယ်လ်ဆီးဟာ သူ့ကို ခေါ်ယူချင်ရင် ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း ဝန်းကျင် သုံးစွဲရဖွယ် ရှိနေပါတယ်။