ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် လာမယ့် နွေဈေးကွက်မှာ ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လိုက်ပ်ဇစ်ရဲ့ တိုက်စစ်မှူး ဆက်စ်ကိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ချယ်လ်ဆီးက ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ ပြောင်းရွှေ့ကြေး ပေါင် ၃၀၀သန်းကျော် အကုန်အကျ ခံကာ အသင်းကို အားဖြည့်မှုတွေ လုပ်ခဲ့ပေမယ့် တိုက်စစ်ပိုင်း အတွက် အန်ကွန်ကူ ၊ နီကိုလပ်စ် ဂျက်ဆန်နဲ့ ပါလ်မာတို့ သုံးဦးထဲသာ ခေါ်ယူခဲ့တာကြောင့် တိုက်စစ်ပိုင်းက အခြား ထိပ်သီးအသင်းတွေကို ယှဉ်နိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Goal

ချယ်လ်ဆီးက ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ သွင်းဂိုး ၄၂ဂိုးသာ သွင်းယူထားနိုင်သလို အထောင်တိုက်စစ်နေရာမှာ ကစားနိုင်တဲ့ ကစားသမားကလည်း နီကိုလပ်စ် ဂျက်ဆန် တဦးထဲသာ ရှိကာ အန်ကွန်ကူကလည်း အထောင်တိုက်စစ်ထက် နောက်ချန်တိုက်စစ်နဲ့ တောင်ပံတိုက်စစ် နေရာတွေမှာ ကစားမှသာ ပိုမို ခြေစွမ်းပြနိုင်ပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက်မှာ ထိပ်တန်း အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားကြပြီး ချယ်လ်ဆီးက နာပိုလီကြယ်ပွင့် အိုဆီမန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ပြင်သစ်ထိပ်သီးကလပ် ပီအက်စ်ဂျီကလည်း အိုဆီမန်ကို ခေါ်ယူချင်နေတာကြောင့် ချယ်လ်ဆီးဟာ အိုဆီမန်ကို ခေါ်ယူနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရနိုင်ပါတယ်။

Photo Credit: Football London

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးရဲ့ ကင်းထောက်တွေက လိုက်ပ်ဇစ် တိုက်စစ်မှူး ဆက်စ်ကိုကို ခေါ်ယူဖို့ အချိန်အကြာကြီး စောင့်ကြည့်ခဲ့သလို လာမယ့်နွေမှာ ဆက်စ်ကိုကို ခေါ်ယူရန် ကြိုးစားဖို့ စဉ်းစားနေကြောင်း သိရှိရပါတယ်။

အသက် ၂၀အရွယ် ဆလိုဗေးနီးယား လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဆက်စ်ကိုက အရည်အသွေးမြင့် လူငယ်တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ လိုက်ပ်ဇစ်အတွက် ပြိုင်ပွဲစုံ ၃၀ပွဲမှာ သွင်းဂိုး ၁၁ဂိုး အထိ သွင်းယူထားနိုင်ကာ လိုက်ပ်ဇစ်ကတော့ ဆက်စ်ကိုရဲ့ တန်ကြေးကို ယူရို ၆၀သန်း ဝန်းကျင် အထိ သတ်မှတ်ထားပါတယ်။