ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ ညာနောက်ခံနေရာ အတွက် ဆဲလ်တစ်ရဲ့ အဓိက ညာနောက်ခံလူ ယူရန်နိုဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးက ညာနောက်ခံနေရာမှာ အသင်းခေါင်းဆောင် အက်စ်ပီလီကွီတာနဲ့ လူငယ်ကြယ်ပွင့် ရစ်စီဂျိမ်းစ်တို့ကို ပိုင်ဆိုင်ထားပေမယ့် ချယ်လ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်က အက်စ်ပီလီကွီတာကို ဗဟိုခံစစ်မှူး အဖြစ်သာ အသုံးပြုဖို့ စဉ်းစားထားတာကြောင့် ရစ်စီဂျိမ်းစ်နဲ့ နေရာလုမယ့် ညာနောက်ခံလူ တဦးကို ထပ်မံ ခေါ်ယူချင်နေတာပါ။

Photo Credit: Sky Sports

အသက် ၂၆နှစ် အရွယ် ခရိုအေးရှား လက်ရွေးစင် ညာနောက်ခံလူ ယူရန်နိုဗစ်ကတော့ ဆဲလ်တစ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဆဲလ်တစ်ထံ ရောက်ရှိလာသူ ဖြစ်ပေမယ့် အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရသလို အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမားလည်း ဖြစ်ပါတယ်။

ယူရန်နိုဗစ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆဲလ်တစ်အတွက် ပြိုင်ပွဲစုံ ၃၅ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ကာ တိုက်စစ်အားသန် ညာနောက်ခံလူ တဦး မဟုတ်ပေမယ့် လိုအပ်ရင် သွင်းဂိုးတွေ သွင်းယူနိုင်သူပါ။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ချယ်လ်ဆီးက တိုက်စစ်အားသန် ညာနောက်ခံလူ ရစ်စီဂျိမ်းစ်နဲ့ ကစားပုံ ကွဲပြားတဲ့ ယူရန်နိုဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ယူရန်နိုဗစ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုပေါင်း များစွာ ပြုလုပ်ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနက ဆိုပါတယ်။

90 Min သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ယူရန်နိုဗစ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုပေါင်း များစွာ ပြုလုပ်ထားပြီး လက်ရှိမှာတော့ ယူရန်နိုဗစ် အတွက် ဆဲလ်တစ်ထံ တရားဝင် ကမ်းလှမ်းဖို့ ပြင်ဆင်နေကာ ဆဲလ်တစ်ကတော့ ယူရန်နိုဗစ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်း ဝန်းကျင် လိုချင်နေကြောင်း သိရပါတယ်။