ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက စပိန်လာလီဂါ နာမည်ကြီးကလပ် ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် စပိန်လူငယ်ကြယ်ပွင့် ဂါဗီကို ရာသီကုန်ချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားလာကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၁၈နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူ ဂါဗီက ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး သူနဲ့ ဘာစီလိုနာတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Goal

ဂါဗီက ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာနဲ့အတူ ခြေစွမ်းကောင်းတွေ တောက်လျှောက် ပြသထားနိုင်သလို ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်ရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကိုလည်း ရရှိထားတာကြောင့် ဘာစီလိုနာက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားခဲ့ပေမယ့် ဘဏ္ဍာရေး ပြဿနာကြောင့် ဘာစီလိုနာဟာ ဂါဗီကို စာချုပ်သစ် မချုပ်နိုင်ခဲ့ပါဘူး။

ဒါကြောင့်ပဲ ချယ်လ်ဆီး အပါအဝင် ဥရောပရဲ့ နာမည်ကြီးအသင်း တချို့က ဂါဗီကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြတာ ဖြစ်ပြီး ဘာစီလိုနာကတော့ သူတို့အသင်းရဲ့ လူငယ်ကြယ်ပွင့် ဂါဗီကို လက်မလွှတ်ရဖို့ အတွက် ဂါဗီကို စာချုပ်သစ် မချုပ်နိုင်ခင်မှာ စာချုပ်သစ် အတွက် အကြို သဘောတူညီမှုစာချုပ် ချုပ်ဆိုနိုင်အောင် ကြိုးစားနေပါတယ်။

Photo Credit: Football Transfer

ကတ်တလန်တာ အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Catalunya Radioရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ဂါဗီကို များပြားလှတဲ့ လုပ်ခလစာတွေနဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ပြင်ထားပြီး ဂါဗီကသာ သူတို့ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာမယ် ဆိုရင် လက်မှတ်ထိုးကြေး သန်းနဲ့ချီကာ ပေးအပ်ဖို့ စီစဉ်ထားကြောင်းကို ဂါဗီရဲ့ အေးဂျင့်ထံ အသိပေးခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့် ဂါဗီက ဘာစီလိုနာမှာသာ ဆက်နေဖို့ စိတ်ကူးရှိနေပြီး ဘာစီလိုနာဘက်က သူ့ကို စာချုပ်သစ် မချုပ်နိုင်တော့ဘူးလို့ အသိပေးလာမှသာ အခြားအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စဉ်းစားမှာ ဖြစ်ကြောင်း ဂါဗီနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။