ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက သူတို့ရဲ့ ဗဟိုခံစစ်ကြောင်းကို အင်အားဖြည့်တင်းဖို့ အတွက် လက်စတာ စီးတီးရဲ့ အဓိက ဗဟိုခံစစ်မှူး ဖိုဖာနာကို ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း နာမည်ကြီး အင်္ဂလန် သတင်းထောက်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးက ယခု နွေဈေးကွက်အတွင်းမှာ အသင်းရဲ့ အဓိက ခံစစ်မှူး နှစ်ဦး ဖြစ်တဲ့ ခရစ်တန်ဆန်နဲ့ ရူဒီဂါတို့ကို အလွတ် ပြောင်းရွှေ့ကြေးတွေနဲ့ လက်လွှတ်ခဲ့ရတာကြောင့် သူတို့နှစ်ဦးရဲ့ နေရာကို အစားဝင်နိုင်မယ့် ဗဟိုခံစစ်မှူး နှစ်ဦးကို ခေါ်ယူဖို့ စီစဉ်ထားပြီး လက်ရှိမှာတော့ ဆီနီဂေါ ဗဟိုခံစစ်မှူး ကူလီဘလီကို အမိအရ ခေါ်ယူထားနိုင်ပါတယ်။

Photo Credit: 90 Min

ဒါကြောင့် ချယ်လ်ဆီးက နောက်ထပ် ဗဟိုခံစစ်မှူး တဦးကို ထပ်မံ ခေါ်ယူနိုင်ဖို့သာ လိုအပ်တော့ပြီး ကနဦးမှာ ချယ်လ်ဆီးက ဆီဗီးလား ဗဟိုခံစစ်မှူး ခွန်ဒေကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ခွန်ဒေဟာ ဘာစီလိုနာဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် နောက်ထပ် ဗဟိုခံစစ်မှူး တဦးကို ရှာဖွေနေရကာ ပရီးမီးယားလိဂ်နဲ့ အသားကျပြီးသား ဖိုဖာနာဟာ ချယ်လ်ဆီးရဲ့ ပစ်မှတ် ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ယူ-၂၁ လက်ရွေးစင် ဗဟိုခံစစ်မှူး ဖိုဖာနာက ၂၀၂၀ခုနှစ်မှာ စိန့်အက်တီယန်ကနေ လက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၃၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် လက်စတာ စီးတီးရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး လူငယ် ဗဟိုခံစစ်မှူး ၃ဦး စာရင်းထဲ ပါဝင်နေသူပါ။

Photo Credit: 90 Min

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂျရေမီ ဘိုင်လီရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ခွန်ဒေကို လက်လွှတ်ခဲ့ရပြီးနောက် သူတို့ရဲ့ ကာလရှည် ပစ်မှတ် ခံစစ်မှူး တဦး ဖြစ်သူ ဖိုဖာနာကို ခေါ်ယူဖို့ စီစဉ်နေပြီး မကြာခင်မှာပဲ ဖိုဖာနာအတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ရန် ရှိနေကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဘန် ဂျကော့ဘ်ကလည်း ချယ်လ်ဆီးဟာ ဖိုဖာနာအား ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး လက်စတာဘက်က အသင်းနဲ့ ကာလရှည် စာချုပ်တရပ် ကျန်ရှိနေသေးတဲ့ ဖိုဖာနာ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၀သန်း ဝန်းကျင် အထိ တောင်းဆိုဖွယ် ရှိနေကြောင်း ဆိုပါတယ်။