ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ စပိန်နာမည်ကြီးကလပ် ဘီလ်ဘာအိုနဲ့အတူ တောက်ပနေတဲ့ လူငယ် တောင်ပံတိုက်စစ် ကစားသမား နီကို ဝီလီယံကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ချယ်လ်ဆီးက အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပြီးနောက် ပြောင်းရွှေ့ကြေး ပေါင် ၁ဘီလီယံကျော် အကုန်အကျခံ သုံးစွဲကာ အသင်းကို အားဖြည့်ထားပေမယ့် သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အားကိုးရတဲ့ ကစားသမား ရှားပါးနေပြီး ကိုးလ် ပါလ်မာ ၊ စတာလင်း ၊ နီကိုလပ်စ် ဂျက်ဆန်နဲ့ အန်ကွန်ကူတို့ကသာ လောက်လောက်လားလား အားကိုးရတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။

Photo Credit: 90 Mins

တိုက်စစ်ပိုင်းမှာ ကစားသမား ၄ဦးကိုသာ အားကိုးနေရချိန်မှာ အန်ကွန်ကူကလည်း မကြာခဏ ဒဏ်ရာရနေတာကြောင့် ချယ်လ်ဆီးရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက လာမယ့် နွေဈေးကွက်မှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ထားပြီး ချယ်လ်ဆီးက အနည်းဆုံး အထောင်တိုက်စစ်မှူး ၁ဦးနဲ့ တောင်ပံတိုက်စစ် ကစားသမား ၁ဦးကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။

တဖက်မှာတော့ အသက် ၂၁နှစ် အရွယ် စပိန်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား နီကို ဝီလီယံက သူ့ရဲ့အစ်ကို အိုင်နာကီ ဝီလီယံနည်းတူ ဘီလ်ဘာအိုရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဘီလ်ဘာအို အတွက် ပြိုင်ပွဲစုံမှာ ၂၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၁ကြိမ် ရရှိထားပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက နီကို ဝီလီယံကို ခေါ်ယူဖို့ ကာလရှည် စောင့်ကြည့်နေခဲ့တာ ဖြစ်ပြီး ချယ်လ်ဆီးဟာ ကိုးလ် ပါလ်မာကို မခေါ်ယူခင်မှာ နီကို ဝီလီယံကို ခေါ်ယူဖို့ စီစဉ်ခဲ့ဖူးကာ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက်မှာ နီကို ဝီလီယံကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

နီကို ဝီလီယံရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၅၀သန်း ရှိပြီး ဘီလ်ဘာအိုကတော့ သူတို့ရဲ့ လူငယ်ကြယ်ပွင့်ကို စာချုပ်ဖျက်သိမ်းကြေး ရမှသာ ရောင်းချဖို့ ဆုံးဖြတ်ထားကာ ချယ်လ်ဆီးအပြင် အခြား ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေကလည်း နီကို ဝီလီယံကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ရိုမာနိုက ဆိုထားပါသေးတယ်။