ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် ရေတိုဖြေရှင်းမှု အဖြစ် အက်စ်တွန်ဗီလာရဲ့ လူငယ်တိုက်စစ်မှူး ဒူရမ်ကို ခေါ်ယူဖို့ အသင်းတွင်းမှာ ဆွေးနွေးမှုတွေ လုပ်နေကြောင်း ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ချယ်လ်ဆီးက တိုက်စစ်ပိုင်းမှာ အန်ကွန်ကူ ၊ ဘရော်ဂျာ ၊ နီကိုလပ်စ် ဂျက်ဆန် စတဲ့ တိုက်စစ်မှူး ၃ဦး အထိ ပိုင်ဆိုင်ထားပေမယ့် ဂျက်ဆန်ကို အာဖရိကဖလားပြိုင်ပွဲဆီ စေလွှတ်ထားရသလို အန်ကွန်ကူကလည်း ဒဏ်ရာပြဿနာတွေကြောင့် ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Standard

ဒါ့အပြင် ဘရော်ဂျာကလည်း နည်းပြပိုချက်တီနိုရဲ့ စိတ်ကြိုက် ကစားသမား မဟုတ်တာကြောင့် ပိုချက်တီနိုက နောက်ပိုင်းပွဲတွေမှာ တောင်ပံတိုက်စစ် ကစားသမား ပါလ်မာကို အထောင်တိုက်စစ်မှူး အဖြစ် ကစားခိုင်းနေတာကိုလည်း မြင်တွေ့ရပါတယ်။

တိုက်စစ်မှူး ၃ဦးစလုံးက ပြဿနာ ကိုယ်စီနဲ့ ဖြစ်နေတာကြောင့် ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ယခု ဆောင်းဈေးကွက်မှာ တိုက်စစ်မှူး ၁ဦးကို ခေါ်ယူဖို့ ကြိုးစားနေပြီး လတ်တလောမှာ ချယ်လ်ဆီးက ရိုးမားတိုက်စစ်မှူး ဒိုင်ဘာလာ ၊ အယ် အတ်တီဟတ် တိုက်စစ်မှူး ဘန်ဇီမာတို့နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photo Credit: Mirror

ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် နသန် ဂစ်ဆင်ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက ဗီလာ လူငယ်တိုက်စစ်မှူး ဒူရမ်ကို ခေါ်ယူဖို့ မျက်စိကျနေသလို အသင်းတွင်းမှာ ဒူရမ်ကို ခေါ်ယူမလား ၊ မခေါ်ယူဘူးလား ဆိုတာကို ဆွေးနွေးမှုတွေ လုပ်ထားကြောင်း သိရပါတယ်။

အသက် ၂၀ အရွယ် ကိုလံဘီယာ လက်ရွေးစင် တိုက်စစ်မှူး ဒူရမ်က ပြီးခဲ့တဲ့ ၂၀၂၃ ဆောင်းဈေးကွက်မှာမှ မေဂျာလိဂ်ကလပ် ချီကာဂို ကနေ အက်စ်တွန်ဗီလာဆီ ပြောင်းရွှေ့ကြေး ယူရို ၁၆သန်းကျော်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ဗီလာအတွက် ပြိုင်ပွဲစုံမှာ ၃၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူပေးထားကာ သူ့ရဲ့တန်ကြေးကတော့ ယူရို ၂၅သန်း ဝန်းကျင် ရှိပါတယ်။