ချယ်လ်ဆီးအသင်းဟာ ဒီနွေမှာ ဥရောပထိပ်သီး ကလပ်အသင်းတိုင်းဆီက စိတ်ဝင်စားမှုတွေ ရရှိနေတဲ့ အေဂျက်စ်အသင်းရဲ့ နောက်ခံကစားသမား ဂျိုရယ်လ် ဟာတိုကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်လိုက်ပြီလို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။
talkSPORT ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးဟာ ဒီနွေရာသီမှာ ခံစစ်ပိုင်း အားဖြည့်ဖို့အတွက် အေဂျက်စ်ကနေ ဟာတိုကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်လိုက်တယ်လို့ သိရပါတယ်။ ချယ်လ်ဆီးဟာ ဒီနွေရာသီမှာ ကစားသမားသစ် (၇)ဦးထက်မနည်း ခေါ်ယူထားပြီးဖြစ်ပေမဲ့ ခံစစ်ပိုင်းမှာတော့ စထရာဘိုးအသင်းကနေ ပေါင်(၁၂)သန်းနဲ့ ခေါ်ယူခဲ့တဲ့ မာမာဒူး ဆား တစ်ဦးတည်းသာ ရှိပါသေးတယ်။
Photo Credit : Chelsea News
သတင်းမှာ ဖော်ပြထားတာကတော့ ဟာတိုဟာ ဗဟိုနောက်ခံလူရော ဘယ်နောက်ခံလူပါ ကစားနိုင်တာကြောင့် ချယ်လ်ဆီးကို ဆွဲဆောင်နေတာပါ။ ဒါ့အပြင် သူဟာ လီဗာပူးလ်ရဲ့ ရေဒါထဲမှာလည်း ထင်ရှားစွာ ပါဝင်နေပါတယ်။ ဟာတိုအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀) ဝန်းကျင် ရှိလိမ့်မယ်လို့ မျှော်မှန်းထားပေမဲ့ အေဂျက်စ်ကတော့ ဟာတိုကို စိတ်ဝင်စားတဲ့ ကလပ်တွေဆီကနေ ပေါင်သန်း(၆၀)အထိ တောင်းဆိုနေပါတယ်။
ချယ်လ်ဆီးမှာ ဗဟိုနောက်ခံလူတွေ ရွေးချယ်စရာများစွာ ရှိနေပြီးသားဖြစ်ပေမဲ့ အက်ဆယ်လ် ဒစ်ဆာဆီကို ဗီလာရီးယဲလ်က စိတ်ဝင်စားနေတာကြောင့် အသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ၂၀၂၄-၂၅ ရာသီရဲ့ လက်ကျန် ရာသီဝက်ကို အက်စတွန် ဗီလာမှာ အငှားနဲ့ ကစားခဲ့တဲ့ ဒီဗဟိုနောက်ခံလူကို ရောင်းချနိုင်ရင် ချယ်လ်ဆီးက ပေါင်သန်း(၃၀)ဝန်းကျင် ရရှိဖို့ မျှော်လင့်နေပါတယ်။
Photo Credit : beIN SPORTS
ဒါ့အပြင် ချယ်လ်ဆီးက တခြားသော နောက်ခံလူတွေဖြစ်တဲ့ ဘန် ချီဝဲလ် ၊ ရီနာတို ဗေဂါ၊ ဘန်နဝါ ဘာဒီအက်ရှ်လီတို့ကိုပါ အသင်းကနေ ရှင်းထုတ်သွားဖို့ ရှိနိုင်တာကြောင့် ဒီကစားသမားတွေ ရှင်းထုတ်ပြီးသွားရင် ခံစစ်ပိုင်း ပြန်လည် အားဖြည့်ရမှာဖြစ်လို့ ဟာတိုလို ထိပ်တန်းခံစစ်မှူးတစ်ဦးကို အစားထိုး ခေါ်ယူနိုင်ပါတယ်။
ချယ်လ်ဆီးဟာ ဒီရက်ပိုင်းအတွင်းမှာပဲ ပီအက်စ်ဂျီအသင်းကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဖိုင်နယ်မှာ ဂိုးပြတ်အနိုင်ရပြီး ကမ္ဘာ့ချန်ပီယံအဖြစ် အောင်ပွဲပြီးနောက် လာမယ့် ရာသီကြို ခြေစမ်းပွဲအဖြစ် သြဂုတ်လ (၈)ရက်နေ့မှာ ဘွန်ဒက်စ်လီဂါ ထိပ်သီးကလပ် လေဗာကူဆင်နဲ့ ကစားဖို့ စီစဉ်ထားပါတယ်။