ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီ ဘာစီလိုနာအသင်းမှာ ပွဲကစားခွင့်တွေ အလွန်နည်းပါးနေရတဲ့ နယ်သာလန် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကို လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေပါ ပြုလုပ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဒီပိုင်းဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် လာလီဂါ(၂)ပွဲ ချန်ပီယံလိဂ်(၁)ပွဲ စုစုပေါင်း (၃)ပွဲမှာပါ လာလီဂါ(၂)ပွဲကလွဲပြီး ချန်ပီယံလိဂ်မှာ အရန်သာ ကစားခဲ့ရတဲ့ အခြေအနေ ဖြစ်နေရသလို လတ်တလောမှာလည်း ပေါင်ဒဏ်ရာ ခံစားနေရပါတယ်။ ဒါ့အပြင် ဒီပိုင်းဟာ လာမယ့် ၂၀၂၃ခုနှစ် ဇူလိုင်လမှာပဲ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး လက်ရှိ အခြေအနေအရ သက်တမ်းတိုးဖို့ကလည်း မရှိတာကြောင့် ဒီပိုင်းအနေနဲ့ ဘာစီလိုနာကနေ စွန့်ခွာရဖို့က သေချာသလောက်ကို ရှိနေရပါတယ်။

Photo Credit : We All Follow United

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဒီပိုင်းကို လာလီဂါကလပ် ဆီဗီလာအသင်းအပြင် နွေရာသီကတည်းက ဒီပိုင်းကို ခေါ်ယူချင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းကပါ တစ်ကျော့ပြန် စိတ်ဝင်စားလာခဲ့ပါတယ်။ ချယ်လ်ဆီးဟာ ဒီနှစ်ရဲ့ နွေဈေးကွက်အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဒီပိုင်းကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့် ဒီပိုင်းကိုယ်တိုင်က ဘာစီလိုနာမှာ ဆက်နေပြီး ပွဲကစားခွင့်တွေ ရရှိဖို့အတွက် တိုက်ပွဲဝင်သွားဖို့ကိုသာ ဆုံးဖြတ်ခဲ့လို့ အပြောင်းအရွှေ့က ပေါ်ပေါက်မလာခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာက လီဝန်ဒေါစကီး ရာဖင်ညာတို့ကို ခေါ်ယူခဲ့သလို ဒမ်ဘီလီကိုလည်း စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တာကြောင့် ဒီပိုင်းအတွက် ပွဲကစားခွင့်တွေက ပိုမို နည်းပါးလာရတဲ့အတွက် ကမ္ဘာ့ဖလားအပြီး ဇန်နဝါရီလထဲမှာပဲ ဒီပိုင်းအနေနဲ့ ဘာစီလိုနာကို စွန့်ခွာဖွယ် ရှိနေတာကြောင့် ဒီအခြေအနေကို ချယ်လ်ဆီးဘက်က အခွင့်ကောင်းယူသွားချင်နေသလို ကစားသမားရဲ့ အေးဂျင့်နဲ့ပါ ဆက်သွယ်မှုတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။