ချယ်လ်ဆီးအသင်းကတော့ လီဗာပူးလ်အသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်သူ ဆောက်သမ်တန် ကွင်းလယ် ကစားသမားလေး ရိုမီရို လာဗီယာကို ကြားဖြတ် ခေါ်ယူနိုင်ဖို့အတွက် စတင် လှုပ်ရှားလာခဲ့ပြီ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဘယ်လ်ဂျီယံ ဆယ်ကျော်သက် ကွင်းလယ်လူ လာဗီယာအတွက် ပြောင်းရွှေ့ကြေး ပေါင် (၄၈)သန်း + အပိုဆုကြေးတို့နဲ့ တရားဝင် ကမ်းလှမ်းမှုတစ်ရပ်ကို စတင် လုပ်ဆောင်လာခဲ့တယ်လို့ အွန်စတိန်း နဲ့ ရိုမာနိုတို့လို အထင်ကရ သတင်းထောက်တွေက အတည်ပြု ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

ဟန်ဒါဆန် နဲ့ ဖာဘင်ဟိုတို့ နှစ်ဦးလုံးကို ဆော်ဒီကလပ်တွေဆီ လက်လွတ်ထားရတဲ့ လီဗာပူးလ်အသင်းက မန်စီးတီး ကစားသမားဟောင်း လာဗီယာကို ပစ်မှတ်ထားနေပြီး ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်ထားပေမယ့် ပေါင် (၄၅)သန်းထိ ကမ်းလှမ်းထားမှုကိုတောင် ဆောက်သမ်တန်ဘက်က ပယ်ချခဲ့ပါသေးတယ်။

ဆောက်သမ်တန်ကတော့ သူတို့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း (၅၀)လောက်အထိ အလိုရှိနေပြီး အခု လီဗာပူးလ်အသင်း ကမ်းလှမ်းမှု အငြင်းခံထားရချိန်မှာပဲ ချယ်လ်ဆီးက လာဗီယာအတွက် ပေါင် (၄၈)သန်းထိ ကမ်းလှမ်းလာပါတော့တယ်။

Photo Credit : talkSPORT

ချယ်လ်ဆီးကလည်း ဘရိုက်တန်အသင်းရဲ့ အီကွေဒေါ ကွင်းလယ်လူ မွိုက်စ် ကိုင်စီဒိုကို ခေါ်ယူဖို့ ကြိုးပမ်းနေရင်း ခုထိ ဘရိုက်တန်နဲ့ သဘောတူညီမှု မရနိုင်သေးခင် နောက်ထပ် ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ လာဗီယာကို အာရုံစိုက်လာခဲ့တာပဲ ဖြစ်ပါတယ်။

ဆက်စပ်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ချယ်လ်ဆီးက လာဗီယာအတွက် တရားဝင် ကမ်းလှမ်းမှုတွေ ပြုလုပ်ပြီး လာဗီယာကို ခေါ်ယူလိုက်နိုင်သည့်တောင် ကိုင်စီဒိုကို ခေါ်ယူနိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားဦးမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။