နည်းပြ မော်ရစ်စီယို ပိုချက်တီနိုနဲ့ လက်တွဲဖြုတ်လိုက်တဲ့ ချယ်လ်ဆီးအသင်းဟာ ပိုချက်တီနိုရဲ့နေရာ သူတို့နည်းပြဟောင်းတွေဖြစ်တဲ့ ဂျိုဆေး မော်ရင်ဟို ၊ သောမတ်စ် တူဟယ်လ်နဲ့ အန်တိုနီယို ကွန်တီတို့ကို ပြန်လည် ခန့်အပ်သွားဖို့ အစီအစဉ် ရှိမနေကြောင်း သိရှိရပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီချယ်လ်ဆီးနည်းပြဟောင်း (၃)ဦးစလုံးက လက်ရှိမှာ ကလပ်အသင်းလက်မဲ့ အခြေအနေတွေ ရှိနေကြပေမယ့်လည်း ချယ်လ်ဆီးဘက်ကတော့ ဒီနည်းပြဟောင်းတွေထက် တခြားသော နည်းပြတစ်ဦးကိုသာ ပိုချက်တီနိုနေရာမှာ အစားထိုး ခန့်အပ်သွားချင်နေပါတယ်။

Photo Credit : The Chelsea Chronicle

ဒီရာသီမှ ချယ်လ်ဆီးနဲ့ စတင် လက်တွဲခဲ့တဲ့ စပါးနဲ့ ပီအက်စ်ဂျီ နည်းပြဟောင်း ပိုချက်တီနိုဟာ ရာသီအစကတည်းက အသင်းကို အခြေအနေကောင်းတစ်ခု ရောက်ရှိအောင် မကိုင်တွယ်နိုင်ခဲ့ပေမယ့် ရာသီပြီးခါနီးမှာတော့ အသင်းကို အဆင့်(၅)နေရာထိ ရောက်ရှိအောင်ပါ ဆွဲတင်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘောလုံးရာသီ ပြီးဆုံးပြီး ရက်ပိုင်းလောက်သာ ရှိသေးတဲ့အချိန်မှာတော့ အသင်းက အားကစားဒါရိုက်တာတွေနဲ့ အစည်းအဝေးပြုလုပ်ခဲ့ရင်း နောက်ဆုံးမှာ နှစ်ဦးသဘော လမ်းခွဲကြဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒီအချိန်မှာလည်း နည်းပြဟောင်းတွေဖြစ်တဲ့ မော်ရင်ဟို တူဟယ်လ် ကွန်တီတို့က လက်ရှိ ကိုင်တွယ်နေတဲ့ အသင်းတွေ မရှိသေးတော့ ဒီနည်းပြတွေနဲ့ပါ အသံတွေ ထွက်လာခဲ့ရပါတယ်။

Photo Credit : Bola

ဒါပေမယ့် ချယ်လ်ဆီးဘက်ကတော့ ဒီလို နည်းပြဟောင်းတွေကို အသင်းကို သေချာ မောင်းနှင်ပေးနိုင်မယ့် အသက်အရွှယ်လည်း ပိုငယ်ရွယ်မယ့် နည်းပြမျိုးတွေကိုသာ စိတ်ဝင်စားနေပါတယ်။ လက်ရှိမှာတော့ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်နဲ့ အစ်ဝစ်ချ်ကို တန်းတက်အောင် လုပ်ပေးခဲ့တဲ့ နည်းပြ ကီရန် မက်ကန်နာတို့ကို မျက်စိကျနေပါတယ်။

စတုဂတ်အသင်းကို ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ အဆင့်(၂)နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရယူပေးနိုင်ခဲ့တဲ့ နည်းပြ ဆီဘက်စတီယန် ဟိုးနက်ကိုလည်း ချယ်လ်ဆီးအသင်းဘက်က ချိတ်ဆက်ခဲ့ပေမယ့် ဟိုးနက်ကတော့ စတုဂတ်မှာ ဆက်နေဖို့ကိုပဲ ဆုံးဖြတ်ခဲ့တာကြောင့် တခြားပစ်မှတ်တွေဘက်ကိုသာ အာရုံစိုက်နေရပါတယ်။