ချယ်လ်ဆီးအသင်းဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကို အသင်းဂျာစီမှာ ရင်ဘတ် စပွန်ဆာ အလွတ်နဲ့ ဖြတ်သန်းစရာ မလိုတော့ပါဘူး။ အခုဆိုရင် ချယ်လ်ဆီးအသင်းအတွက် တစ်နှစ် ပေါင် သန်း(၄၀)လောက်အထိ ရရှိမယ့် ရင်ဘတ် စပွန်ဆာတစ်ခုနဲ့ပါ သဘောတူညီမှု ရရှိထားခဲ့ပြီလို့ သတင်းအများစုမှာ ဖော်ပြလာခဲ့ပါတယ်။

အမေရိကန် အခြေစိုက် နည်းပညာ ကုမ္မဏီတစ်ခုဖြစ်တဲ့ Infinite Athlete ကနေ ချယ်လ်ဆီးအသင်းနဲ့ လက်တွဲဖို့ သဘောတူညီမှုပါ ရရှိခဲ့ပြီးနောက် လီဗာပူးလ်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ ဒီရင်ဘတ် စပွန်ဆာ ဂျာစီကို ဝတ်ဆင်သွားဖို့ပါ ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : The Sum

ချယ်လ်ဆီးအသင်းဟာ 3 စပွန်ဆာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက်မှာ ထပ်မံ သက်တမ်းတိုးဖို့ နှစ်ဖက်လုံး သဘောတူညီမှု မရခဲ့တာကြောင့် အခုလို လက်တွဲဖြုတ်ဖြစ်ခဲ့ရပြီး ချယ်လ်ဆီးကလည်း စပွန်ဆာ မပါဝင်တဲ့ ဂျာစီနဲ့ပဲ အသင်းရဲ့ ၂၀၂၃-၂၄ ရာသီမှာ ဝတ်ဆင်မယ့် ဂျာစီဒီဇိုင်းသစ်ကို ထုတ်ပြန်ခဲ့ရပါတယ်။

တကယ်တော့ ချယ်လ်ဆီးအသင်းဆီကို လောင်းကစား လုပ်ငန်းနဲ့ Paramount+ ရုပ်သံ ကုမ္မဏီကြီးတွေက စပွန်ဆာပေးဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဆွေးနွေးမှုတွေ အဆင်မပြေခဲ့ရာကနေ ခုချိန်အထိ စပွန်ဆာမဲ့ ဂျာစီနဲ့သာ ဆက်လက် ရှိနေရင်း နောက်ဆုံးတော့ Infinite Athlete ကုမ္မဏီနဲ့ သဘောတူညီမှု ရရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit : Footy Headlines

တကယ်တော့ နည်းပညာ လုပ်ငန်းစု နှစ်ခုဖြစ်တဲ့ Tempus Ex Machina နဲ့ Biocore တို့ ကုမ္မဏီတစ်ခုတည်း အဖြစ် ပူးပေါင်းခဲ့ပြီးနောက်မှာ Infinite Athlete ဆိုပြီး နာမည်ပြောင်းလဲခဲ့သလို ချယ်လ်ဆီးအသင်းဟာလည်း လွန်ခဲ့တဲ့ ဧပြီလကတည်းက Tempus Ex Machina နဲ့ လက်တွဲ လုပ်ကိုင်မှုတွေ ရှိခဲ့ပါသေးတယ်။

Tempus Ex Machina က AI နည်းပညာနဲ့ ကစားသမားတွေရဲ့ အချက်အလက်ပိုင်းဆိုင်ရာ အချက်အလက်တွေကို ကြည့်ရှုသူတွေဆီ တိုက်ရိုက် ပို့ဆောင်ပေးနိုင်အောင် လုပ်ဆောင်ထားတာဖြစ်ပြီး ကစားသမားတွေရဲ့ မောပန်းမှုနဲ့ ဒဏ်ရာ အခြေအနေတွေကို တစ်ခါတည်း သိရှိအောင် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။