ဘောလုံးလောကရဲ့ ပြိုင်ဆိုင်မှုတွေကို ဘေးဖယ်ပြီး လေးစားဖွယ်ရာ လုပ်ရပ်တစ်ခုအဖြစ် ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲက ရရှိခဲ့တဲ့ ကစားသမားဆုကြေးငွေတွေထဲက တစ်စိတ်တစ်ပိုင်းကို မကြာသေးမီက ကွယ်လွန်သွားခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူး ဒီယိုဂို ဂျိုတာနဲ့ သူ့ရဲ့ညီအစ်ကို အန်ဒရေ ဆေးလ်ဗားတို့ရဲ့ မိသားစုထံ ပေးအပ်လှူဒါန်းသွားမှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
လန်ဒန်ကလပ် ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လက အမေရိကန်နိုင်ငံ နယူးဂျာစီမြို့က MetLife အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ ပုံစံသစ် ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပီအက်စ်ဂျီအသင်းကို ၃-၀ နဲ့ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒီအောင်မြင်မှုကြောင့် ကလပ်အသင်းဟာ ဆုကြေးငွေအဖြစ် ဒေါ်လာ(၁၁၄.၆) သန်း (ပေါင် ၈၄.၄ သန်း) အထိ ရရှိခဲ့ပါတယ်။
Photo Credit : BeSoccer
အဲ့ဒီနောက်မှာတော့ ကလပ်အသင်းနဲ့ ကစားသမားတွေဟာ ပူးပေါင်းဆုံးဖြတ်ချက်တစ်ခုအနေနဲ့ ကစားသမားတွေအတွက် ခွဲဝေပေးမယ့် ဆုကြေးငွေ ဒေါ်လာ(၁၅.၅)သန်း (ပေါင် ၁၁.၄ သန်း) ထဲကနေ ကစားသမားတစ်ဦးချင်းစီရဲ့ ဝေစုနဲ့ တူညီတဲ့ ပမာဏတစ်ခုကို ဂျိုတာရဲ့ မိသားစုထံ ပေးအပ်ဖို့ သဘောတူခဲ့ကြတာပါ။ အခွန်နဲ့ အခြားကုန်ကျစရိတ်တွေမနုတ်မီမှာ ဝေစုတစ်ခုချင်းစီရဲ့ တန်ဖိုးဟာ ဒေါ်လာ(၅)သိန်းကျော် ရှိတယ်လို့ သိရပါတယ်။
လီဗာပူးလ်တိုက်စစ်မှူး ဂျိုတာနဲ့ ပေါ်တူဂီကလပ် ပင်နာဖီရယ်မှာ ကစားနေတဲ့ သူ့ရဲ့ညီအစ်ကို ဆေးလ်ဗားတို့ဟာ ချယ်လ်ဆီးအသင်း ဗိုလ်စွဲခဲ့တဲ့ ဇူလိုင်လ (၁၃)ရက်နေ့မတိုင်မီ (၁၀)ရက်အလို ဇူလိုင်လ (၃)ရက်နေ့က စပိန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကားမတော်တဆမှုတစ်ခုအတွင်း ကွယ်လွန်သွားခဲ့ကြတာ ဖြစ်ပါတယ်။
Photo Credit : Goal
လီဗာပူးလ်အသင်းကလည်း သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို အောက်မေ့ဂုဏ်ပြုဖို့အတွက် အစီအစဉ်များစွာ ပြုလုပ်ထားပါတယ်။ ကလပ်အတွက် (၁၈၂)ပွဲမှာ (၆၅)ဂိုး သွင်းယူပေးခဲ့တဲ့ ဂျိုတာအတွက် အန်ဖီးလ်ကွင်းမှာ အမှတ်တရရုပ်တုတစ်ခု ထားရှိသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၅-၂၆ ရာသီတစ်လျှောက်လုံး ကစားသမားတွေရဲ့ ဂျာစီတွေမှာ ‘Forever 20’ (ထာဝရအမှတ်၂၀) တံဆိပ်ကို ဝတ်ဆင်ကစားသွားမှာဖြစ်ပြီး ကလပ်ရဲ့ တရားဝင် ပရဟိတအဖွဲ့ဖြစ်တဲ့ LFC Foundation ကလည်း ဂျိုတာရဲ့အမည်နဲ့ လူငယ်ဘောလုံးသမားတွေအတွက် အစီအစဉ်တစ်ခုကို စတင်သွားမှာပါ။
လာမယ့်သောကြာနေ့ ဘုန်းမောက်အသင်းနဲ့ကစားမယ့် ရာသီသစ်အဖွင့်ပွဲစဉ်မှာလည်း ပရိသတ်တွေရဲ့ အထူးပုံဖော်မှုနဲ့ တစ်မိနစ်ငြိမ်သက်ခြင်း အခမ်းအနားကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဂျိုတာကို အမှတ်တရအနေနဲ့ ကလပ်ရဲ့ အဆင့်တိုင်းမှာ ကျောနံပါတ် (၂၀) ဂျာစီကို အပြီးတိုင် အနားပေးသွားပြီဖြစ်ကြောင်း ပြီးခဲ့တဲ့လက ကြေညာခဲ့ပြီး ဖြစ်ပါတယ်။